မော်စကို၊ စက်တင်ဘာ ၂၀

သမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံသည့် လက်ရှိအာဏာရ “ညီညွတ်သောရုရှားပါတီ” (United Russia Party) သည် ရွေးကောက်ပွဲ ၃ ရက်တာအတွင်း ပါလီမန်တွင် နေရာအများစုကို ရရှိခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်အထိ မဲရလဒ် တစိတ် တပိုင်းများက ပြသနေကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားသည်။

လက်ရှိ မဲအရေအတွက် ၃၃ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ညီညွတ်သောရုရှားပါတီက မဲအားလုံး၏ ၄၅ ရာခိုင်နှုန်းခန့် အသာ စီးရကြောင်း ဗဟိုရွေးကောက်ကော်မရှင်၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။ ၎င်းပါတီ၏ အဓိကပြိုင်ဘက် ကွန်မြူနစ် ပါတီကတော့ ၂၂ ရာခိုင်နှုန်းသာ ရရှိသေးသည်။

၁၉၉၉ ခုနှစ်မှစ၍ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်အဖြစ် အာဏာရှိခဲ့သော ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံရေး အခင်းအကျင်း မှာ လတ်တလော ပြောင်းလဲမည့် အလားအလာ မမြင်ရသေးပေ။ ပူတင်သည် ၂၀၂၄ ခုနှစ်ကျင်းပမည့် နောက်ထပ် သမ္မတ ရွေးကောက်ပွဲတွင်လည်း လွှမ်းမိုးနိုင်ရေး ဦးတည်လျက်ရှိသည်။ သို့သော် ပါဝင် အရွေးခံ ဦးမည်လား ဆိုသည်ကိုတော့ ပူတင် က ထုတ်မပြောသေးပေ။

အသက် ၆၈ နှစ်အရွယ်ရှိ ပူတင်သည် ရုရှားနိုင်ငံသားများကြားတွင် ရေပန်းစားနေဆဲဖြစ်ပြီး အနောက်အုပ်စုနှင့် သဟဇာတ ဖြစ်စွာ ရပ်တည်ပြီး ရုရှားတို့၏ သိက္ခာပြန်တင်နိုင်သည့်အတွက် သူ့ကို ပြည်တွင်း၌ အသိအမှတ်ပြုကြသည်။

 

လတ်တလော မဲရလဒ်များအရ ကွန်မြူနစ်ပါတီက ဒုတိယနေရာတွင် ရှိနေပြီး အမျိုးသားရေးဝါဒီ LDPR ပါတီကတော့ စုစုပေါင်း မဲများ၏ ၉ ရာခိုင်နှုန်းကျော်သာ ရှိသေးသည်။ ထိုနှစ်ပါတီကလည်း ကရင်မလင်ကို အဓိက ကျသည့်အရေး ကိစ္စ များအတွက် ကျောထောက်နောက်ခံပေးနေကြသည်။

ရုရှားခေါင်းဆောင်နှင့် အနီးကပ် ဆက်ဆံရေးရှိသည့် မော်စကိုမြို့တော်ဝန် ဆာဂျီးဆိုဘရာနင်က “ပူတင် … ပူတင် … ပူတင်” ဟု ကြွေးကြော်ကာ အလံဝှေ့ယမ်းရင်း လူအုပ်ကြီးကို နှုတ်ဆက်ခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်က ရိုက်တာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ရုရှားပြည်သူများထဲမှ အချို့ကတော့ ရဲရဲတင်းတင်းဖြင့် ကွန်မြူနစ်များကို မဲပေးဖို့ အချင်းချင်း လှုံ့ဆော်ခဲ့သည်များ ရှိခဲ့သော် လည်း အာဏာပိုင်များက ထိုပဏာမခြေလှမ်းများကို အွန်လိုင်းမှ တားဆီးရန် ကြိုးစားခဲ့သည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်ကတော့ မော်စကိုမြို့မှ အွန်လိုင်းမဲပေးထားမှု အခြေအနေများ ထုတ်ပြန်ရန် နှေးကွေး နေဆဲ ဖြစ်သည်။ ညီညွတ်သော ရုရှားပါတီသည် မြို့ကြီးများတွင်သာမက အခြားဒေသရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် သည့် အစဉ်အလာရှိသည်။ ကရင်မလင်ထောက်ခံသည့် ကိုယ်စားလှယ်လောင်းများသည် အွန်လိုင်းမဲများနှင့် ပေါင်း စည်းမရေတွက်မီ မြို့ကြီးများ၏ ခရိုင် ၁၅ ခုတွင် ဦးဆောင်နေဆဲဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။