၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ရှမ်းတပ်နှစ်တပ် ဖြစ်သည့် ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မ‌တော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မ‌တော် (SSPP/SSA) တို့ စစ်ရေးတင်းမာနေကြောင်း သိရသည်။

မိုင်းကိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ခန့်က RCSSနှင့် SSPP တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည်ဟု RCSS မှ ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

“မိုင်းကိုင်ကြတော့ လွန်ခဲ့တဲ့ ၃ ရက်က တိုက်ပွဲစဖြစ်တာ ခင်ဗျ။ လွန်ခဲ့တဲ့ သုံးရက်က SSPP ကနေ မြောက်ပိုင်းကနေ ဒီ RCSS ထိန်းချုပ်တဲ့ နယ်မြေတွေကို သူတို့ ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်လာတော့ ဖြစ်တဲ့နေရာကြတော့ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့ နယ် ဟူခိုင်းကျေးရွာအုပ်စုအတွင်းမှာ ပေါ့။ တိုက်ပွဲက နှစ်ရက်၊ သုံးရက် ဆက်တိုက်ဖြစ်ပြီးတော့ မှ မနေ့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တိုက်ပွဲ အကြီးကြီးတော့ မရှိဘူး။ လက်နက်ကြီးတွေ ပစ်ပြီးမှ နည်းနည်းတော့ ငြိမ်သွားတယ်။ ဒီနေ့ကတော့ မြေပြင်အခြေအနေ မသိရသေးဘူးခင်ဗျ။ စစ်ရေးတင်းမာမှုတော့ ရှိနေသေးတယ်” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။
၎င်းတိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်သည့် ရွာပေါင်း ၁၀ ကျော်ရှိနေပြီး လူဦးရေ ၂၀၀၀ (နှစ်ထောင်) နီးပါး ရှိနေကြောင်း ၎င်းက ဆိုသည်။

Photo Credit - RCSS taifreedom

မိုင်းကိုင်ဒေသခံတစ်ဦးဖြစ်သူ စိုင်းဝမ်း (အမည်လွှဲ) က မိုင်းကိုင်မြို့နယ် ဟူခိုင်းကျေးရွာအုပ်စုထဲက ပျဉ်ဝင့်၊ ဝမ်ကောင်း စသည့် ကျေးရွာများအပါအဝင် ကျေးရွာအများစုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ပြောသည်။

“မနေ့က နောက်ဆုံးကြတော့ အိမ်ထောင်စုပေါင်း ၃၈၄ အိမ်ရှိတယ်။ ဒါမယ့် ထပ်လာမယ်ပြောနေလို့လေ။ တိုက်ပွဲကတော့ မနေ့က ဘာမှတော့ မကြားရဘူး။ အခြေအနေက ဘယ်လိုပြောမလဲဗျာ။ ဟိုတောထဲ တောင်ထဲ အဝင်အထွက် ပေးမသွားဘူးပေါ့ဗျာ။ သွားရင်ပစ်မယ်ပေါ့။ အဲဒါကြောင့် ထွက်ပြေးလာတဲ့ ရွာသားတွေလဲ သူတို့အိမ် ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာ သွားမကြည့်ရဲဘူးပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲ‌ရှောင်များမှာ တုံလောကျေးရွာအုပ်စုမှ တွမ်ကျိုင်း၊ မတ်ချီးနုတ်ကျေးရွာနှင့် ဟူခိုင်းကျေးရွာအုပ်စုမှ နောင်လဲန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလုံနေကြသည်ဟု ၎င်းက ပြောသည်။

ယင်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ SSPP မှ တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

RCSS နှင့် SSPP-TNLA ပူးပေါင်း တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ နယ်မြေပိုင်နက် အငြင်းပွားကာ တိုက်ပွဲများ
ယနေ့ထိ မကြာခဏဖြစ်ပွားနေသည်။