ခါတွမ်း၊စက်တင်ဘာ ၂၃
ဆူဒန်နိုင်ငံ၏အသွင်ကူးပြောင်းရေးအစိုးရကို ဖြတ်ချရန် ကြိုးပမ်းမှု မအောင်မြင်ကြောင်း ဆူဒန်အာဏာပိုင်များက ပြောကြားလိုက်ပြီး သမ္မတဟောင်း အိုမာအယ်လ်ဘာရှာကို ဖြုတ်ချခဲ့သော စစ်ဘက်အရာရှိများနှင့် အရပ်သား များကို အပြစ်တင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။
သမ္မတ အယ်လ်ဘာရှာသည် ၂၀၁၉ ခုနှစ်၌ ၎င်းကိုဆန့်ကျင်သည့်ဆန္ဒပြမှုများကို လနှင့်ချီ၍ ရင်ဆိုင်ခဲ့ရကာ စစ်တပ်၏ဖြုတ်ချခြင်းခံခဲ့ရသည်။
ယခု စက်တင်ဘာ ၂၁ ရက် အာဏာသိမ်းရန် ကြံစည်ကြိုးစားမှုသည်လည်း လက်ရှိအသွင်ကူးပြောင်းရေးအစိုးရကို ဖြုတ်ချရန် ၂၀၁၉ ကြိုးပမ်းမှု၏နောက်ဆက်တွဲဖြစ်ကြောင်း ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါက်က ပြောကြား ခဲ့သည်။
မြို့တော်နှင့် အွန်ဒါမန်မြို့တို့ဆက်သွယ်ထားသော တံတားတစ်စင်း ပိတ်ဆို့ထားသည်မှအပ ဆူဒန်မြို့တော်သည် စက်တင်ဘာ ၂၁ ရက်၌ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိနေကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ဟီဘာ မော်ဂန်က ခါတွမ်းမြို့တော်မှ သတင်းပေးပို့ထားသည်။
တံတားပေါ်တွင် တင့်ကားများ ရှိနေသည့်အပြင် အရပ်သားများ ဖြတ်ကူးလာခြင်းကို တားဆီးခြင်းနှင့် အဆိုပါ တံတားပေါ် တင့်ကားများ ဘာကြောင့်ရှိနေသလဲဆိုသည်ကို လူအများက မေးခွန်းထုတ်ခဲ့ကြသည်။ အဲဒီနောက် အာဏာသိမ်းဖို့ ကြိုးစားတာ မအောင်မြင်ကြောင်း အစီရင်ခံစာထွက်လာပါတယ်” ဟု သတင်းထောက်မော်ဂန်က ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းမှုသည် စစ်တပ်လက်နက်သိုလှောင်ရုံကို ပစ်မှတ်ထားပြီး နိုင်ငံပိုင်ရုပ်သံလိုင်းဌာန၊ စစ်ဌာနချုပ်၊ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့၏အချုပ်အခြာအာဏာကောင်စီရုံးနှင့် ကောင်စီဝင်ဝန်ကြီးများကို ဖြုတ်ချရန် ကြိုးစားခြင်းဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းရန် ရည်ရွယ်ချက်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် အာဏာသိမ်းမှုနောက်ကွယ်၌ မည်သူမည်ဝါရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးကြောင်း မော်ဂန်က ဖြည့်စွက်ပြောသည်။
သမ္မတအယ်လ်ဘာရှာကိုဖြုတ်ချပြီးနောက် တိုင်းပြည်ကို လက်ရှိအနေအထားတွင် အရပ်သားနှင့် စစ်ဘက် ကိုယ်စားလှယ်များဖွဲ့စည်းထားသော အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်က အုပ်ချုပ်နေဆဲဖြစ်ပြီး အရပ်သား အုပ်ချုပ်ရေးအပြည့်အဝ ပြန်ရောက်ဖို့ ယင်းအစိုးရတွင် တာဝန်ရှိနေသည်။
အယ်လ်ဘာရှာခေတ်မှ ဆက်ခံလာခဲ့သော နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် နာတာရှည် စီးပွားရေး ပြဿနာများက အသွင်ကူးပြောင်းရေးကာလကို လွှမ်းမိုးနေခဲ့သည်။
စစ်တပ်နှင့် စစ်တပ်လက်အောက်ရှိ အရန်တပ်ဖွဲ့များအကြား တင်းမာမှုများရှိနေသဖြင့် ယေဘုယျအားဖြင့် ဆူဒန်နိုင်ငံ၏ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးမှာ အဖုအထစ်များ ဆက်လက်ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် လက်ရှိအစိုးရက မကြာသေးမီလများအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ထံမှ ကြွေးမြီများသက်သာစေရန် အရည်အချင်းပြည့်မီသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ရသည်။
ထောက်ပံ့ကြေးများ ဖြတ်တောက်ခြင်းနှင့် နိုင်ငံသုံးငွေကြေးဖြစ်သည့် ဆူဒန်ပေါင်အတွက် စီမံခန့်ခွဲမှုများသည် ပြင်းထန်းလွန်းသည်ဟု ဆူဒန်လူမျိုးအများအပြားက ရှုမြင်ကြသည်။ IMF ကျောထောက်နောက်ခံ ငွေကြေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် လူနေမှုစရိတ်မြင့်တက်လာခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
ဆူဒန်နိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၁ ရက်နှောင်းပိုင်း၌ ပြစ်တင်ရှုတ်ချခဲ့ပြီး နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရလဒ်များ ဆက်လက်ထိန်းထားရန် လက်ရှိဆူဒန်အစိုးရကို တိုက်တွန်းခဲ့သည်။
“ခေါင်းဆောင်နိုင်မှု ကင်းမဲ့နေပြီး အမြင်မရှိတာတွေက တိုင်းပြည် ချောက်ထဲကျဖို့ ဦးတည်နေတာပဲ” ဟု ဆူဒန်မူဝါဒဖိုရမ်တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝါလိမာဒီဘိုက ဆူဒန်ခေါင်းဆောင်များနှင့်ပတ်သက်၍ စိတ်ပျက်စရာ များကို အယ်လ်ဂျာဇီးယားသတင်းဌာနသို့ မှတ်ချက်ပေးခဲ့သည်။