၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ လစ်လပ်နေသည့် စစ်ဦးစီးချုပ်နေရာအား ဒုတိယ စစ်ဦးစီး ချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးကို ယနေ့(စက်တင်ဘာ ၂၃ ရက်)တွင် တာဝန်ပေးအပ်လိုက်ကြောင်း DKBA က ထုတ်ပြန်ခဲ့ သည်။

DKBA မှ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက “ဟုတ်ပါတယ်။ စာမှာ ပါတဲ့ အတိုင်းပါပဲ။ ဗဟိုအလုပ်မှုဆောင် ကော်မတီတွေနဲ့ ပါတယ်လေ။ အတည်ပြုတယ်။ Confirm ဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်” ဟု ပြောသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၁ ရက်က ကိုဗစ်ရောဂါဖြင့် ရန်ကုန် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့သည်။

ထို့နောက် DKBA စစ်ဉီးစီးချုပ်နေရာ လစ်လပ်နေခြင်းကြောင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်)တွင် DKBA စစ်ဉီးစီးချုပ်အဖြစ် ဒုတိယစစ်ဉီးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အတည်ပြု ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

စစ်ဦးစီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို DKBA ၏ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူးကြီးစောကျော်သန်းဌေးက ပြောသည်။

ပုံမှန်တွင် စစ်ဦးစီးချုပ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် တပ်မှူးများ စုံညီအစည်းအဝေး ကျင်းပရမည်ဖြစ်ပြီး ထိုအစည်း အဝေးတွင် DKBA တပ်မှူးအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

DKBA သည် ၁၉၉၄ ခုနှစ်အရောက်တွင် KNU ထဲမှာ သဘောထားကွဲလွဲမှုများ ဖြစ်လာ၍ ဗိုလ်ချုပ်ကြီး စောလားပွယ် ဉီးဆောင်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ကို ဖွဲ့စည်းထူထောင် ပြီး ခွဲထွက်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်မှာတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဟု အမည် ပြောင်းလဲကာ ယနေ့အထိ ရပ်တည်လှုပ်ရှားလျက်ရှိသော ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

DKBA သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။