မနီလာ၊ စက်တင်ဘာ ၂၃

ဖိလစ်ပိုင်လက်ဝှေ့သမားအဖြစ်မှ နိုင်ငံရေးဘက်သို့ကူးပြောင်းလာသူ မန်နီပက်ကွီအိုသည် ၂၀၂၂ ဖိလစ်ပိုင် ရွေး ကောက်ပွဲတွင် သမ္မတရာထူးနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မကြာသေးခင်က ကြေညာခဲ့ပြီး ကမ္ဘာကျော် အထိုးအသတ်ချန်ပီယံတစ်ဦးအနေဖြင့် တိုင်းပြည်၏ထိပ်ဆုံးနေရာအတွက် ကြိုးစားခြင်းအပေါ် ထင်မြင်ချက် များစွာလည်း ပေါ်ထွက်လာခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။

၎င်းသည် လက်ရှိအာဏာရပါတီမှ သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ယှဉ်ပြိုင်အရွေးခံချယ်ရန် အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်၍ “အခုအချိန်မှာ ခေါင်းဆောင်နေရာ စိန်ခေါ်မှုအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပက်ကွီအိုက ပြောသည်။

ဝိတ်တန်း ၈ ခု ကမ္ဘာ့ချန်ပီယံနှင့် ဖိလစ်ပိုင်လူမျိုးများ တန်ဖိုးထားမြတ်နိုးကြရသော နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့ကျော်ဖြစ်သူ ပက်ကွီအိုသည် အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂက်တွင် ကျူးဘားလက်ဝှေ့သမား ဂျော်ဒန်းနစ်အူးဂါ့စ်(Yordenis Ugas) ကို ၎င်း၏လက်ဝှေ့သမားဘဝ နောက်ဆုံးအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရင်း ရှုံးနိမ့်ခဲ့ရပြီးနောက် သီတင်းပတ်အတန်ကြာမှာ ယခုကဲ့သို့ သမ္မတဝင်အရွေးခံရန် ကြေညာလိုက်ခြင်းဖြစ်သည်။

ပက်ကွီအိုသည် ဆီးနိတ်လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်မခံမီ ၂၀၁၀ ပြည့်နှစ်က လွှတ်တော်အမတ်အဖြစ် နိုင်ငံရေးလောကထဲ ဝင်လာခဲ့ကာ ယနေ့ကာလတွင် ဖိလစ်ပိုင်နိုင်ငံ၏ထိပ်ဆုံးရာထူးကို မျှော်မှန်းနေပြီဖြစ်သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ၎င်းသည် မိခင်တိုင်းပြည်ကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး ငယ်စဉ်က ဆင်းရဲတွင်းထဲမှ ထိုးထွက်လာကာ ကမ္ဘာ့ထိပ်တန်းအဆင့် အချမ်းသာဆုံးလက်ဝှေ့သမားတစ်ဦးဖြစ်လာခဲ့သည်။

 

“ကျနော့်အရည်အချင်းက ဘာလဲလို့မေးတဲ့သူတွေကို ခင်ဗျားတို့ငတ်တာ ကြုံဖူးလားလို့ ပြန်မေးချင်ပါတယ်” ဟု ဒူတာတေးအဖွဲ့ကိုဆန့်ကျင်သော ပါတီပြည်လုံးကျွတ်အစည်းအဝေးတွင် ပက်ကွီအိုက မေးခွန်းထုတ်ခဲ့သည်။

“စားစရာမရှိ၊ အိမ်နီးနားချင်းတွေဆီက ပိုက်ဆံချေး၊ စားပွဲတစ်လုံးပေါ် သူများစားကြွင်းစားကျန်တွေတင်ပြီး စားခဲ့ရတာ ခင်ဗျားတို့ ကြုံဖူးလား။ အခု ခင်ဗျားတို့ရှေ့မှာ ရပ်နေတဲ့ မန်နီပက်ကွီအိုဆိုတာ ဆင်းရဲနွမ်းပါးမှုတွေ ပုံသွင်းပေးခဲ့တဲ့လူပါဗျ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပက်ကွီအိုကဲ့သို့ နိုင်ငံ့ကြယ်ပွင့်တစ်ပွင့်သည် ကျော်ကြားမှုတစ်ခုကြောင့် သမ္မတဝင်အရွေးခံရာတွင် အခိုင်အမာနေရာတစ်ခုရမည့်အလားအလာများနေသော်လည်း အောင်ပွဲခံဖို့ အာမခံချက် မရှိသေးပေ။

တောင်တရုတ်ပင်လယ်အရေး ဘေဂျင်းနှင့် အငြင်းပွားမှု၊ အကျင့်ပျက်ခြစားခြင်းကိုင်တွယ်မှုများက ပက်ကွီအိုနှင့် ဒူတာတေးတို့အကြား လူသိရှင်ကြားအားပြိုင်မှုဖြစ်လာလျှင် ပက်ကွီအိုအနေဖြင့် ထောက်ခံအား လျော့ကျသွား နိုင်စရာလည်း ရှိနေသည်။

ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ဦးသည် သက်တမ်းတစ်ဆက်သာ တာဝန်ထမ်းဆောင်ခွင့် ရှိသော်လည်း ဒူတာတေးက ဒုတိယသမ္မတဝင်ပြိုင်မည်ဟု ကြေညာပြီးဖြစ်သည်။