နယူးယောက်၊စက်တင်ဘာ ၂၃
နယူးယောက်မြို့၌ ကျင်းပနေဆဲဖြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များမှ အသီးသီး မိန့်ခွန်းပြောကြားရာ၌ ၎င်းတို့ကို ထည့်သွင်းပြောကြားခွင့်ပေးရန် တာလီဘန်များက တောင်းဆိုခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
၎င်းတို့၏ တောင်းဆိုချက်ကို ကုလသမဂ္ဂရှိ ကော်မတီတစ်ခုက အဆုံးအဖြတ် ပေးမည်ဖြစ်သည်။
တာလီဘန်များသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် ၎င်းတို့၏ပြောရေးဆိုခွင့်ရှိသူကို အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။
ပြီးခဲ့သည့်လက ယခင်အာဖဂန်အစိုးရဟောင်းမှ စေလွှတ်ထားသော အထူးသံတမန်သည် ယခုအခါ ၎င်းတို့နိုင်ငံကို ကိုယ်စား မပြုတော့ကြောင်း တာလီဘန်များက ပြောသည်။
ကုလသမဂ္ဂရေးရာ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ အဆင့်မြင့် စကားစစ်ထိုးပွဲ (high-level debate) တစ်ခုတွင် အထူး သံတမန် ခန့်အပ်ရေး အဆုံးအဖြတ်ပေးမည့် ကော်မတီက တာလီဘန်တို့ တောင်းဆိုချက်ကို စဉ်းစားနေဆဲဖြစ်ကြောင်း သိရ သည်။
သို့သော် စက်တင်ဘာ ၂၇ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးမတိုင်မီ တာလီဘန် ကိုယ်စားလှယ်ကို တွေ့ဆုံ နိုင်ရေး မဖြစ်နိုင်သေးပေ။ ကုလသမဂ္ဂစည်းမျဉ်းများအရ ယခင်အာဖဂန်အစိုးရဟောင်းမှ စေလွှတ်ထားသည့် ဂရူလမ်သာ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ အာဖဂန်သံအမတ်အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
ဂရူလမ်သည် အထွေထွေညီလာခံ နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောရန် မျှော်လင့်ထားသော်လည်း တာလီဘန်တို့က ၎င်းအနေ ဖြင့် အာဖဂန်နစ္စတန်နိုင်ငံကို ကိုယ်စားမပြုတော့ကြောင်း ငြင်းဆိုထားပြီးဖြစ်သည်။
လတ်တလော အနေအထားတွင် မည်သည့်အစိုးရကမှ တာလီဘန်များကို အာဖဂန်နစ္စတန် အစိုးရသစ်အဖြစ် တရားဝင် အသိအမှတ် ပြုထားခြင်း မရှိသလို ကုလသမဂ္ဂကလည်း အဆိုပါ သံအမတ် အမည်စာရင်း တင်သွင်းခြင်းကို သဘောတူ နိုင်ရေးမှာ နိုင်ငံတကာလက်ခံမှုအတွက် အရေးကြီးသော ခြေလှမ်းဖြစ်လာလိမ့်မည်ဟု သိရသည်။
တာလီဘန်များကတော့ သမ္မတဟောင်း အက်ရှ်ဖ်ဂါနီကို အာဖဂန်အုပ်ချုပ်သူအဖြစ် နိုင်ငံအတော်များများက အသိအမှတ် မပြုတော့ကြောင်း ဆိုထားသည်။
အာဖဂန်သမ္မတဟောင်းဂါနီသည် တာလီဘန်များ ကဘူးလ်မြို့တော်သို့ ဩဂုတ် ၁၅ ရက်က ဝင်ရောက်စီးနင်းစဉ် ပြည်တွင်းမှ ရုတ်တရက် ထွက်ခွာ၍ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံသို့ သွားရောက်ခိုလှုံနေခဲ့သည်။