၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူကုန်ကူးခံရမှုများ မြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးမှု အားနည်းသော လူနည်းစုများအကြားတွင် ပိုမို၍ အန္တရာယ်ကြီးမားလာခဲ့သည်ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်သည့် နဝမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်သို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါ အတိုင်း ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က“၇၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနဲ့ ကလေးငယ်များ ဖြစ်ကြပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် နိုင်ငံတွေရဲ့ စီးပွားရေး ကျဆင်းလာပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လာ ခြင်း၊ ဆင်းရဲ မွဲတေမှုနှုန်း မြင့်တက် လာခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်းနှင့် Online မှတစ်ဆင့် ဆွဲဆောင် စည်းရုံး နိုင်မှုရှိခြင်းတို့က ယင်းပြဿနာကို ပိုမို ကြီးထွားလာစေသည်ကို တွေ့ရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများသည် အလုပ်အကိုင် အခွင့်အလမ်းရလိုမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် ပြည်တွင်း လက်နက်ကိုင် အခြေအနေများကြောင့် ရွှေ့ပြောင်းသွားလာ၍ အလုပ် အကိုင် အသစ်များ ရှာဖွေရှာမှ လူကုန်ကူးသူနှင့် ပွဲစားများ၏ သားကောင်အဖြစ် ကျရောက်ပြီး လူကုန်ကူးမှုများ ဖြစ်ပွား ခြင်းကို တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ၏ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုဆိုင်ရာ အစီအရင်ခံစာ ထုတ်ပြန်ချက်မှာတော့ လူကုန်ကူးမှု ပုံစံများနှင့် စီးဆင်းမှုများ ပြောင်းလဲလာကြောင်းဆိုထားသည်။

ထို့နောက် လူကုန်ကူးသူများသည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုများနှင့် ပိုမို ထိခိုက်လွယ်သော စီးပွားရေးကျဆင်းမှုများ ကြောင့် လူမှုရေး စံနှုန်းများနှင့် မိသားစုနောက်ခံများ အားနည်းသူများအပေါ် အသုံးချကာ လူကုန်ကူးမှုများကို ကျူးလွန် နေကြောင်း၊ ထို့ကြောင့်လည်း ကလေးသူငယ် လူကုန်ကူးမှုနှင့် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများလည်း တိုးပွားလာ ခဲ့ကြောင်း UNODC ၏ အစီအရင်ခံစာမှာ ဖော်ပြထားသည်။

ထို့ပြင် ပြောင်းလဲတိုးတက်လာသော အင်တာနက်နည်းပညာများအား အသုံးပြု၍ လူကုန်ကူးသူများက လူသစ် စုဆောင်း ခြင်းများ ပြုလုပ်လာကြသည်ဟုလည်း ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့်အတူ အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လာကြောင်း၊ ထိုရိုက်ခတ်မှုများကို ခံစားရသော လူအုပ်စု များအကြား လူကုန်ကူးမှုမှုခင်းများ ပိုမို မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က “မြန်မာနိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးတွေနဲ့ ထိမ်းမြားလက်ထက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံမှ အမျိုးသားတွေက ပြည်တွင်းအထိ လာရောက်စည်းရုံး ခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ ငါးဖမ်း စက်လှေများနဲ့ ကျားဖောင်လုပ်ငန်းတွေမှာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတွေကို အဓမ္မလုပ်အား ခေါင်းပုံဖြတ် ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲသူတွေအပေါ် ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေခြင်း စတဲ့ လူကုန်ကူးမှု ပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါတယ်” ဟု ဆိုသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်မှ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၆ ရက်နေ့အထိ လူကုန်ကူးမှု ၃၅ မှုမှ လူကုန်ကူး ခံရသူ ကျား ၄ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု ၃၁ မှုအား တရားစွဲတင်နိုင်ခဲ့ကာ တရားခံ ကျား ၃၉ ဦး၊ မ ၆၂ ဦး၊ စုစုပေါင်း ၁၀၁ ဦးကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်အရေးယူနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိ ကမ္ဘာ့လူကုန်ကူးမှုပြဿနာ မြင့်တက်လာသည်နှင့်အမျှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု မှုခင်းများသည် ၇၉ ရာခိုင်နှုန်းရှိပြီး ဒုတိယအများစု တွေ့ရှိရသော လူကုန်ကူးမှု မှုခင်းများဖြစ်သည့် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုသည် ၁၈ ရာခိုင်နှုန်း တွေ့ရှိရသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

Human Rights First အဖွဲ့အစည်း၏ လေ့လာဆန်းစစ်ချက်များအရ နှစ်စဉ်လူဦးရေ သန်း ၁၂၀ ခန့်သည် လူကုန်ကူးခံရလျက် ရှိပြီး အကျိုးအမြတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့်ရှိကြောင်း၊ မိမိတို့နေထိုင်သော အာရှတိုက် တစ်ခုတည်း တွင်ပင် ၂၅ သန်းကျော်သော ပြည်သူများသည် လူကုန်ကူးခံရသည့် ဘဝတွင် ရောက်ရှိနေကြောင်း သိရသည်။