ကဘူးလ်၊စက်တင်ဘာ ၁၃
ပြီးခဲ့သည့်လက တာလီဘန်စစ်သွေးကြွများ အာဖဂန်နစ္စတန်တနိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေကြသည့် အစိုးရဘက်အမှုထမ်း၊ အရာထမ်းများလုပ်ငန်းခွင်သို့ ပြန်ဝင်ကြရန် အာဖဂန်အစိုးရသစ် အကြီးအကဲက အယ်လ်ဂျာဇီးယားသတင်းဌာနှင့် သီးသန့်အင်တာဗျူးတွင် တိုက်တွန်းသွားခဲ့သည်။
အာဖဂန်အိမ်စောင့်အစိုးရအနေဖြင့် သံတမန်များ၊သံရုံးများနှင့် လူသားချင်းစာနာမှုအဖွဲ့များအတွက် အာမခံ ကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့်လည်း အပြုသဘောဆောင်၍ ခိုင်မာသည့် ဆက်ဆံရေး ထူထောင်သွားရန် လိုလားနေကြောင်း တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်ဟန်စန်အက်ခွန်က စက်တင်ဘာ ၈ ရက် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
တာလီဘန်အဖွဲ့တည်ထောင်သူနှင့် ပထမဆုံးထိပ်တန်းခေါင်းဆောင် မူလာအိုမာနှင့် အနီးကပ်ဆက်ဆံရေးရှိပြီး နိုင်ငံရေးအကြံပေးလည်းဖြစ်ခဲ့သူ ဟန်စန်အက်ခွန်က အာဖဂန်ပြည်သူများအပေါ် ၎င်းတို့အစိုးရသည် ကြီးလေးသော တာဝန်နှင့် အစမ်းသပ်ခံနိုင်မှုတို့ဖြင့် ရင်ဆိုင်နေရကြောင်း ဆက်လက်ပြောကြားခဲ့သည်။
“အာဖဂန်သမိုင်းရဲ့ အခုအခိုက်အတန့်မှာ ကျနော်တို့မှာ အသက်အိုးအိမ်စည်းစိမ်တွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အခုဆိုရင် အာဖဂန်မှာ ပြည်သူတွေအတွက် သွေးမြေကျမှုတွေ၊သတ်ဖြတ်ခံရတာတွေနဲ့ မထီမဲ့မြင်ပြုမှုတွေ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါတွေကို ကျနော်တို့ အင်မတန်တန်ဖိုးထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
၂၀၀၁ ခုနှစ် အမေရိကန်ဦးဆောင်သောအနောက်အုပ်စု ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စု ထောက်ခံ သော မည်သူမဆို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း လက်ရှိတာလီဘန်ခေါင်းဆောင် ဟာစန်အက်ခွန်က ကတိပြုခဲ့သည်။
တာလီဘန်များသည် ၎င်းတို့ယာယီအစိုးရ ကြေညာပြီး နောက်တစ်နေ့တွင် အစိုးရအဖွဲ့ကို တာလီဘန်အဖွဲ့ဝင်များ၊ နီးစပ်ရာ လုပ်ဖော်ကိုင်ဘက်များနှင့်သာ သီးသန့်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများနှင့် အခြားနိုင်ငံရေးအင်အားစုများကို မည်သည့်ရာထူးမှ မပေးခဲ့ပေ။
၎င်းတို့ကြေညာထားသော ရာထူးနေရာ ၃၃ နေရာမှ ၁၄ နေရာသည် တာလီဘန်ခေါင်းဆောင်ဟောင်းများဖြစ်ပြီး ယခင်တာလီဘန်ပထမခေတ် ၁၉၉၆-၂၀၀၁ အုပ်ချုပ်စဉ်က ဂွာတာနာမိုအကျဉ်းသားဟောင်း ၅ ဦးပါဝင်သည်။ ကျန် ၁၂ ဦးသည် တာလီဘန်ဒုတိယမျိုးဆက်မှ ဖြစ်သည်။