အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံရှိ ဘာမီယန်ပြတိုက်သည် ယခင်လက ပြီးစီးခဲ့ပြီး ပြတိုက်အတွင်း လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုက တာလီဘန်တို့ မဆင်မခြင်ဖြင့် ဒိုင်းနမိုက်ခွဲ၍ ဖျက်ဆီးခဲ့သည့် ရှေးဟောင်း အမွေအနှစ် ဗုဒ္ဓဆင်းတုတော်များ အကြောင်း အောက်မေ့ဖွယ်ရာ ပြသထားကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ဖော်ပြသည်။
သို့သော် ပြတိုက်ဖွင့်ပွဲကတော့ စောင့်ရလိမ့်ဦးမည်ဖြစ်သည်။ တာလီဘန်တို့ ကဘူးလ်မြို့တော်သိမ်းပြီးကတည်းက အရာခပ်သိမ်းကို ဆိုင်းငံ့ထားခဲ့သည်။
အာဖဂန်တွင် လတ်တလော ကိစ္စရပ်အားလုံးကို ဆိုင်းငံ့ထားရကြောင်း၊ အစိုးရသစ်၏အဆုံးအဖြတ်ကို စောင့် နေရကြောင်း ကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီဖြစ်သည့် ယူနက်စကို(UNESCO) မှ ဖိလစ်ပီဒီလန်ဂျေးက ပြောကြောင်း အေအက်ဖ်ပီသတင်းထောက်က အစ္စလာမ္မာဘတ်မြို့မှ သတင်းပေးပို့ထားသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် တစ်ချိန်က ဒဏ္ဍာရီသဖွယ် ကျန်ရစ်ခဲ့သည့် ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းပေါ် တည်ရှိနေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့၏ဆုံချက်လည်းဖြစ်သည်။
ယခုအခါ သဘောထားတင်းမာသည့် အစ္စလာမ္မစ်စစ်သွေးကြွ တာလီဘန်များလက်ထဲသို့ တတိုင်းပြည်လုံး ကျရောက်သွားပြီဖြစ်၍ အာဖဂန်ရှေးဟောင်းအမွေအနှစ်တို့မှာ အန္တရာယ်ရှိလာပြီ ဖြစ်သည်။
တာလီဘန်တို့သည် ၂၀၀၁ ခုနှစ်၊မတ်လက ကဘူးလ်မြို့အနောက် ၁၇၅ ကီလိုမီတာ(၇၈ မိုင်)အကွာ ဘာမီယန် မြို့ရှိ ချောက်ကမ်းပါးထဲတွင် ကျောက်တောင်နံရံကို ထွင်းထုထားသော နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိသည့် ဗုဒ္ဓ ဆင်းတုတော်နှစ်ဆူကို ဒိုင်းနမိုက်များ၊ အမြောက်များသုံး၍ ရက်သတ္တပတ်များစွာကြာအောင် ဖောက်ခွဲဖျက်ဆီး ခဲ့ကြသည်။
ထိုဖြစ်စဉ်သည် ကမ္ဘာ့အဆိုးဝါးဆုံး ယဉ်ကျေးမှုဆိုင်ရာ ရာဇဝတ်မှုများထဲက တစ်ခုဖြစ်သည်။ တာလီဘန်တို့ ဘက်ကတော့ အာဖဂန်နစ္စတန်တွင် အယ်လ်ကိုင်းဒါးများ လာရောက်အခြေမစိုက်မီ လပိုင်းအလို၌ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တကမ္ဘာလုံးသိရှိစေရေး ရည်ရွယ်ချက်ရှိရှိဖြင့် အာရုံစိုက်လာအောင်လုပ်ပြခဲ့သည်။
“ကျနော်တို့က သမိုင်းကို အကဲဖြတ်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ အနှစ် ၂၀ က ဆိုးဝါးတဲ့ရလဒ်တွေ ရခဲ့တယ်ဆိုတာ တွေ့ရပါတယ်” ဟု ယူနက်စကိုမှ ယဉ်ကျေးမှုရေးရာလက်ထောက်ညွှန်ကြားရေးမှူး အာနက်စတိုအောက်တုန်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တာလီဘန်တို့က အာဖဂန်သည် အမွေအနှစ်များစွာကို ထွေးပိုက်ထားပြီး “သမိုင်း၊ ကိုယ်ပိုင်သရုပ်လက္ခဏာနှင့် ယဉ်ကျေးမှုပေါကြွယ်ဝသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အာဖဂန်ရှိ ထိပ်တန်းအမွေအနှစ်နေရာများမှာ မက်စ်အေနက်(Mes Aynak)ရှိ ဗုဒ္ဓသာသနိက အဆောက်အဦ များနှင့် ၁၂ ရာစုလက်ရာ ဂျမ်ရှိ ဗလီမျှော်စင်(Minaret of Jam)တို့ဖြစ်ကြပြီး ၎င်းတို့ကို ယူနက်စကိုက အသိအမှတ်ပြုထိန်းသိမ်းထားသည်။
ယခု တာလီဘန်များ တဖန်အာဏာယူပြီး ထိုအရေးကိစ္စများကို ချိုသည်၊ ခါးသည် ထုတ်မပြောသေးပေ။
၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှု တစ်ခုအဖြစ် လူသိများလာခဲ့သည်။
အာဖဂန်နစ္စတန်တွင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာရန်ပုံငွေကို လတ်တလောရပ်တန့်ထားပြီး မည်သည့်အချိန်မှ ပြန်လည်ပေးအပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။