မနီလာ၊စက်တင်ဘာ ၁၃
ဖိလစ်ပိုင်သမ္မတ ရိုဖိဒရီဂိုဒူတာတေး၏သမီးက လာမည့် ၂၀၂၂ ခုနှစ်၊ မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း ပြီးခဲ့သည့်လ အနည်းငယ်အတွင်း ပြည်တွင်းအဓိကနိုင်ငံရေးအစုအဖွဲ့များနှင့် ၎င်းတွေ့ဆုံခဲ့ခြင်းကြောင့် ပြည်သူများအကြား သံသယပွားစရာဖြစ်လာကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။
လက်ရှိ ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ယူထားသူ ဆာရာဒူတာတေးကာပီယိုက ၎င်း၏ဖခင်ဖြစ်သူ ဒုတိယ သမ္မတဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်၍ ၎င်းအနေဖြင့် နိုင်ငံ ၏ထိပ်ဆုံးရာထူးကို ဦးတည်မထားတော့ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဒူတာတေးကာပီယိုက မီဒီယာတစ်ခုနှင့် သီးသန့်အင်တာဗျူးတွင် “၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဖေဖေက အမျိုးသားအဆင့် ဝင်ပြိုင်မယ်ဆိုတော့ ကျမ အဲဒီအဆင့်ဝင်မပြိုင်ဖို့ ဖေဖေရော ကျမရော သဘောတူခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သလို မီဒီယာများထံ ဖြန့်ချိသည့် ၎င်း၏ ကြေညာချက်တွင်လည်း ထည့်သွင်း ရေးသားထားသည်။
လက်ရှိနိုင်ငံအကြီးအကဲဖြစ်သူ ဒူတာတေးသည် ၎င်း၏ ဒုတိယသမ္မတရာထူးအတွက် ပါတီအမည်စာရင်းကို စက်တင်ဘာ ၈ ရက်က တင်သွင်းခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် ဒုတိယသက်တမ်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်ရန် တားမြစ်ထားပြီး ယခုကဲ့သို့ နိုင်ငံ၏ ဒုတိယအမြင့်ဆုံးရာထူး ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် စည်းမျဉ်းစည်းကမ်းများကို ဒူတာတေးအနေဖြင့် ရှောင်တိမ်းလိုခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံး သပ်သူများက ဝေဖန်နေကြသည်။
ဖခင်ဖြစ်သူက ဒုတိယသမ္မတအဖြစ်လည်းကောင်း၊ ဒူတာတေးကာပီယိုက သမ္မတအဖြစ်လည်းကောင်း ၎င်းတို့ သားအဖကို ထောက်ခံသူများ၏ စိတ်ကူးယဉ်မှုများ ယခင်က ရှိခဲ့ဖူးသည်။
၂၀၂၂ ခုနှစ် သမ္မတရာထူးဝင်ပြိုင်ရေးအတွက် သမီးဒူတာတေးအနေဖြင့် တစ်ပြေးနေခဲ့ကြောင်း မကြာသေးမီလ များအတွင်းက စစ်တမ်းကောက်ယူမှုများအရ သိရသည်။ ဆာရာဒူတာတေးကာပီယို ရုပ်ပုံပါသည့် ဧရာမ ပိုစတာများနှင့် ကြွေးကြော်သံများမှာ ဖိလစ်ပိုင်နိုင်ငံအနှံ့တွေ ပေါ်ထွက်လာနေခဲ့သည်။
သူမအပေါ် ဝေဖန်မှုများကို ချေဖျက်ရန် ဒူတာတေးကာပီယိုက အနည်းငယ်လုပ်ဆောင်ခဲ့ပြီး အချို့ နိုင်ငံရေး ပါတီကြီးများနှင့် ထင်ရှားသောနိုင်ငံရေးသမားများကို တွေ့ဆုံခဲ့သည်။ အချို့က ၎င်းကို ဒုတိယသမ္မတရာထူး ဝင်ပြိုင်ရန် ကမ်းလှမ်းခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံရေးသမားများအနေဖြင့် ရွေးကောက်ပွဲကြိုးဝိုင်းထဲ ဝင်နွှဲဖို့ ရှေ့လ အောက်တိုဘာ ၈ ရက်အထိ အခွင့်အလမ်းရှိနေသည်။ သို့ရာတွင် ပါတီအလိုက် ၎င်းတို့ကိုယ်စားလှယ်လောင်းများကို နိုဝင်ဘာ ၁၅ ရက်အထိ ပြန်လည်ရုတ်သိမ်းနိုင်ခွင့်(သို့မဟုတ်)နောက်တစ်ယောက် အစားထိုးခွင့် ရရှိထားသည်။