CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၂
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ တပ်မတော် စစ်စခန်းတစ်ခုကို စက်တင်ဘာ ၁၁ ရက်နေ့ က သိမ်းဆည်းလိုက်သည်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့-ထန်တလန်(CDF/Thantlang)က ယနေ့ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှ စ၍ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ နစက(မူရင်း-စကစ)အခြေစိုက်စခန်းအား CAN/CDF-Thantlang မှ အင်အား ၂၀၀ ကျော်ဖြင့် စတင်တိုက်ခိုက် ခဲ့ရာ စစ်တပ်ဘက်မှ တိုက်လေယာဉ် အသုံးပြု၍ ပစ်ခတ်ခဲ့သည့်အတွက် မိမိတို့ဘက်မှ ဆုတ်ခွာခဲ့သည်ဟု ဖော်ပြ ထားသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ ည ၉ နာရီခွဲဝန်းကျင်တွင် စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဖက်မှ ၁၂ ဦး ကျဆုံးခဲ့ကြောင်း CDF/Thantlang ၏ ထုတ်ပြန်ချက်မှာ ဆိုထားသည်။
CDF/Thantlang “ယင်းစခန်းအား ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ပြီးနောက် စခန်းအား မီးရှို့ ဖျက်ဆီးခဲ့သည်”ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ချက်ရေးအဖွဲ့ထံ မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။