၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စက်တင်ဘာ ၇ ရက် အရေးပေါ်ကြေညာချက်နှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) ထံ ဆက်သွယ်ပြီး သဘောထားမေးမြန်းမှု ပြုလုပ်ခဲ့သော်လည်း EAO အများစု မသိရှိကြောင်း CNI သတင်းဌာနသို့ ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတကာသံတမန်များကို လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ စက်တင်ဘာ ၉ရက်က ရှင်းလင်းပြောကြားခဲ့ပြီး NUG ၏ အရေးပေါ်ကြေညာချက်နှင့် ပတ်သက်၍ EAO များထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်းကို သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို အစိုးရအနေဖြင့် ၎င်းတို့ထံ ဆက်သွယ်မေးမြန်းမှုမရှိကြောင်းနှင့် ၎င်းတို့ မေးမြန်းပါက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို ဖြစ်လိမ့်မည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“ကျနော်တို့ကတော့ မရဘူးဗျ။ PPST အနေနဲ့တော့ မရဘူးဗျ။ သူတို့ မေးရင်လည်း KIO ကို မေးတာဖြစ်လိမ့်မယ်။ သူတို့ မိတ်ဆွေအဖွဲ့အစည်းကို မေးတာဖြစ်နိုင်တယ်။ KIO ကတော့ ပိုပြီးတော့ မဟာမိတ်၊ မိတ်ဆွေ အဖွဲ့အစည်းဖြစ်တာကိုး။ ကျနော်တို့ကတော့ အပြန်အလှန် မဟာမိတ်ပြုတာပဲ ရှိတာလေ။ ထဲထဲဝင်ဝင် မရှိဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
KIO မှ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မိမိအနေဖြင့် မကြားမိသေးကြောင်း အထက်လူကြီးမှာလည်း ညွန်ကြားထားတာ မရှိကြောင်း ဆိုသည်။
“ကျနော် ဘာမှ မကြားမိဘူးခင်ဗျ။ ကျနော် ဟိုထဲက လူကြီးတွေ၊ ခေါင်းဆောင်ပိုင်းတွေကို မေးမြန်းတာရှိလားဆိုတာ ကျနော်မသိဘူး။ ကျနော်ကြားသိသလောက်ကတော့ ဘာမှ မရှိဘူးခင်ဗျ။ ကျနော်မကြားမိတာနေမှာပါ။ ကျနော်ကို ညွှန်ကြားတာလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
ထို့အတူ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မိမိအနေဖြင့် အထက်က ညွန်ကြားချက် ဘာမှ မရှိသေးသည့်အတွက် ၎င်းကိစ္စနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောသည်။
“မသိရသေးဘူး။ ကျနော်တို့ဆီလည်း ဆက်သွယ်လာတာ မရှိသေးဘူး။ အထက်ကလည်း ဘာမှ မချပြသေးဘူး" ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
NUG က ထုတ်ပြန်သည့် အရေးပေါ် အခြေအနေ ကြေညာခြင်းသည် နိုင်ငံရေး တောင်းဆိုချက်အရ နိုင်ငံရေးကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း PPST အနေဖြင့် ရှုမြင်ကြောင်း စက်တင်ဘာ ၉ ရက်က ကျင်းပသော အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်မိန်းခွန်းတွင် အထက်ပါအတိုင်း ပြောခဲ့သည်။
NUG ၏ အရေးပေါ်ကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ယင်းကြေညာချက်အား ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။