၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အ‌ရေးပေါ် ကြေညာချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ (UN) နှင့် အနောက်အုပ်စုက စိုးရိမ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်း ဘူဂါနာ(Christine Schraner Burgener)က PPST ကိုယ်စားလှယ်များကို ပြောခဲ့သည်ဟု သိရ သည်။

အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ စက်တင်ဘာလ ၉ ရက်က ၂ နာရီခန့်ကြာ ဆွေးနွေးခဲ့စဉ် မစ္စစ်ခရစ္စတင်း ဘူဂါနာက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်ဟု ဆွေးနွေးမှုမှာ ပါ၀င်ခဲ့သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “အရေးပေါ် ကြေညာချက်ကိုတော့ အနောက်နိုင်ငံက စိုးရိမ်တယ်လို့ ပြောတာ။ အနောက် နိုင်ငံက တိုင်းပြည်တွေကတော့ NUG ကို‌ ထောက်ခံတယ်တဲ့။ သို့သော်လည်း အဲကြေညာချက် ထွက်လာပြီး နောက်ပိုင်း နည်းနည်း စိုးရိမ်မှုတွေများတော့ နည်းနည်း ပြန်စဉ်းစားကြတာပေါ့ဗျာ။ အဲတာပဲ ပြောကြတယ်။ နည်းနည်းတော့ စိတ်မကောင်းဖြစ်တာပေါ့။ ဗမာပြည်မှာ ဆူပူသောင်းကျန်းမှု၊ သွေးထွက်သံယိုတွေ ပိုများလာမှာ ကို ကြောက်တာပေ့ါ။ ဒါကြောင့် နည်းနည်းတော့ စိုးရိမ် မကင်းဖြစ်တယ်ဆိုတဲ့ အသံတွေ ထွက်လာပြီးတော့ NUG အပေါ်မှာ သူထောက်ခံအားပေးတဲ့ဟာကို ပြန်သုံးသပ်တဲ့ သဘောရှိတယ်လို့တော့ ပြောသွားတာပဲ” ဟု ဆို သည်။

၎င်းက ဆက်လက်ပြီး “အခုလို ဒါကြီး ကြေညာလိုက်တဲ့ဟာ (အရေးပေါ်ကြေညာချက်) က NUG ကိုယ်၌က ပဋိပက္ခတွေကို ကြီးထွားလာအောင် လုပ်တယ်ဆိုပြီး ပြန်သုံးသပ်နေကြတာ” ဟု ပြောသည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး တာဝန်ရှိ သည့်အလျှောက် ပြည်သူများ၏ ဥစ္စာစည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန် နိုင်ငံတော်ကို အရေးပေါ် သတ်မှတ် ကြောင်း စက်တင်ဘာ ၇ ရက်က ကြေညာခဲ့သည်။

ဒူဝါလရှီးလက “ဒီနေ့ စက်တင်ဘာလ ၇ ရက် တော်သလင်းလဆန်း ၂ ရက်နေ့မှ စ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်တယ်။ ဤတော်လှန်‌ရေးသည် ပြည်သူလူထုတို့၏ တော်လှန် ရေး ဖြစ်သည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်စုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြပါ” ဟု ပြောသည်။

လူသားချင်း စာနာမှုအကူအညီများ ချောချောမွေ့မွေ့ ပေးအပ်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့များအားလုံး (၄)လကြာ အပစ်အခတ်ရပ်စဲကြရန် အာဆီယံ အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂအနေဖြင့် ထောက်ခံကြောင်း ကုလကိုယ်စားလှယ်ကပြောသွားသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

၎င်းက“အားလုံး အာဆီယံကိုဘဲ ပြောင်တိုက်တွန်းကြတာပဲ။ အဲလိုတိုက်တွန်းတဲ့ ကြားကပဲ အာဆီယံက ၄ လ Ceasefire တောင်းတဲ့ နေရာမှာ တစ်ခါ ဒီအ‌ရေးပေါ်နဲ့ D day လုပ်လိုက်တော့ အာဆီယံခရီးစဉ်လည်း ပြဿနာ ပေါ်သွားတာပေါ့ဗျာ။ အကူအညီတွေလည်း ဘယ်လာတော့ မလဲ။ လူထုကလည်း ဘာမှရနိုင်မယ့် အခြေအနေ မရှိဘဲ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

PPST အနေဖြင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်မှာ သုံးကြိမ်ခန့် ရှိပြီဟု သိရသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်က PPST ၏ တရားဝင်မှုကို အသိအမှတ်ပြုပြီး အခါအားလျော်စွာ တွေ့ဆုံ ဆွေးနွေး သွားမည်ဟု ပြောကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

လက်ရှိတွင် NUG မှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ စစ်တပ်ကို တိုက်ခိုက်ကြရန် ကြေညာထား သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်ကို စစ်ကြေညာတိုက်ခိုက်မှုများ မရှိသေးပေ။ သို့သော် ကချင်ပြည်တွင် KIA နှင့် စစ်တပ်ကြား လည်းကောင်း၊ ကရင်ပြည်နယ်၌ KNU နှင့် စစ်တပ်ကြား လည်း ကောင်း၊ ရှမ်းပြည်နယ်တွင် MNDAA နှင့် ကိုးကန့်ကြား လည်းကောင်း အမျိုးသားရပ်တည်ချက်အရ တိုက်ပွဲများ ဖြစ်ပွားမှုတော့ ရှိသည်။

ထို့နောက် NUG က ဖွဲ့စည်းပေးထားသည့် PDF များနှင့် စစ်တပ်ကြားမှာတော့ မြို့နယ် တချို့မှာ ပစ်ခတ်မှုများ ဖြစ်ပွားမှုရှိသလို ဗုံးပေါက်ကွဲမှုများလည်း ရှိနေသည်။

PPST ကိုတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။