၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေဖြင့် ဌာနချုပ်၌သာ ပိုင်ဆိုင်မှုရှိသည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ထံသို့ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ စစ်ဆေးမှုခံယူရာတွင် အင်မတန် ရှင်းလင်းကြောင်း UBP ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ဆိုသည်။
UBP အနေဖြင့် သြဂုတ် ၃၁ ရက်နေ့တွင် ပါတီရန်ပုံငွေစာရင်းများ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများ၊ မှတ်တမ်းများ အား လာရောက်စစ်ဆေးမှုခံယူရန် UEC မှ အကြောင်းကြားခဲ့သည်။ထို့နောက် စက်တင်ဘာ ၉ ရက်နေ့တွင် UBP ပါတီမှ စစ်ဆေးခံခဲ့ရာ အခက်အခဲမရှိဘဲ အဆင်ပြေစွာ ပြီးစီးသွားပြီဖြစ်ကြောင်း UBP ပါတီမှ ထုတ်ပြန်ထား သည်။
UBP ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က “ကျွန်မတို့ပါတီမှာ ပါတီဝင်ကြေး လုံးဝမရှိဘူး။ ပါတီ နှစ်စဉ် ကြေး၊ လစဉ်ကြေး စသည်ဖြင့် အဲဒါမျိုးတွေ ကောက်ခံထားတာမရှိတဲ့ အတွက်ကြောင့်မို့လို့ ဖော်ပြရတာလည်း ရှင်းတာပေါ့လေ။ နောက်တစ်ခုက ကျမတို့ပါတီရဲ့ ပိုင်ဆိုင်မှုက တခြားတိုင်းနဲ့ပြည်နယ်တွေဆီမှာ ဘာမှမရှိဘူး။ အကုန်လုံးသည် ကျမတို့ မူလပါတီဝင်တွေရဲ့ သဒ္ဒါအားလျော်စွာနဲ့ ထောက်ခံမှုနဲ့ ပါတီရုံးခန်းတွေဆိုလည်း ပါတီ ကနေ ငှားတဲ့ ရုံးခန်းဆိုတာ တစ်ခန်းမှမရှိဘူး။ ဌာနချုပ်ကြီးမှာပဲ ပိုင်ဆိုင်မှုရှိတာပေါ့နော်။ အဲဒါကြောင့်မို့ ဌာနချုပ် ရဲ့ ရုံးအသုံးပြုတဲ့ ဌာနပဲ ပိုင်ဆိုင်မှုရှိတာ။ ပိုင်ဆိုင်မှုပြတဲ့နေရာမှာ အင်မတန်ရှင်းလင်းနေတာပေါ့နော်” ဟု ပြော သည်။
UEC က မှတ်ပုံတင်ပြီးသော နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားမှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
Photo - ဒေါ်စုစုလှိုင်
လက်ရှိ UEC မှ နိုင်ငံရေးပါတီများအပေါ် စစ်ဆေးနေခြင်းနှင့်ပတ်သက်ပြီး မိမိတို့ပါတီအနေဖြင့် သီးခြား မှတ် ချက်ပေးရန် မရှိကြောင်း UBP ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ဆိုသည်။
“ခုချိန်မှာ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံးက Fair ဖြစ်တယ် မဖြစ်ဘူးဆိုတာတွေ ဝေဖန်ဖို့က စောနေသေးတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေးကြေး၊ ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများသည် ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု များကို စစ်ဆေးခံရေး ပြင်ဆင်ထားရန် UEC က အကြောင်းကြားထားသည်။
လက်ရှိတွင် UEC က အမျိုးသားညီညွတ်သော ဒီမိုကရစ်တစ်ပါတီ (NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ (NDP)တို့ကို သြဂုတ် ၂၃ ရက်က လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)တို့ကို သြဂုတ် ၃၁ ရက်က လည်းကောင်း စစ်ဆေးထားပြီး ဖြစ် သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိရာ တခြားသော ပါတီများကိုလည်း ဆက်လက် စစ်ဆေးသွား ရန် UEC က ပြင်ဆင်လျက်ရှိသည်။