ဝါရှင်တန်၊ စက်တင်ဘာ ၁၁

မကြာသေးမီလများအတွင်း နှစ်နိုင်ငံ တင်းမာမှုရှိခဲ့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာလ ၉ ရက်၊ ညနေပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဖုန်းခေါ်၍ ဆိုက်ဘာစပေ့စ် (Cyber Space)တွင် တရုတ်အနေဖြင့် အမှားအယွင်း များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့သည်ဟု စီအင်န်အင်န်က ရေးသား ဖော်ပြခဲ့သည်။

အထူးသဖြင့် ဘိုင်ဒန်က တရုတ်ဘက်မှ မိုက်ခရိုဆော့ဖ်၏ အီးမေးလ်စနစ်ကို အကြီးအကျယ် ခိုးယူ(hack)ခြင်းနှင့် အခြား ramsomware များအား တိုက်ခိုက်ခြင်းကိစ္စများနှင့်ပတ်သက်ပြီး ရှီကျင့်ဖျင်ကို အလေးအနက် ပြောခဲ့သည်။

“ခေါင်းဆောင်နှစ်ဦးတို့ဟာ သူတို့ရဲ့အကျိုးစီးပွားဆုံချက်တွေ၊ တန်ဖိုးတွေ၊ ခြားနားတဲ့ သဘောထား အမြင်တွေကို ဆွေးနွေးခဲ့ တယ်” ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

“သူတို့က ဒီကိစ္စနှစ်ခုစလုံးကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းကြဖို့ သဘောတူခဲ့ပါတယ်။ သမ္မတ ဘိုင်ဒန် ပြောခဲ့သလိုပဲ အခု ဆွေး နွေးမှုဟာ အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယှဉ်ပြိုင်မှုတွေ ကိုယ်စီတာဝန်ယူ စီမံခန့်ခွဲ့ဖို့ အမေရိကန်ဘက်က အဆက်မပြတ် ကြိုးစားခဲ့ခြင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော်က ဆိုသည်။

အကြမ်းဖျင်း မိနစ် ၉၀ ကြာသော အထက်ပါ ဆွေးနွေးမှုတွင် ဆိုက်ဘာပြဿနာများကို ရင်ဆိုင်ရင်း ပဋိပက္ခတစ်ခုအတွင်းသို့ ဦးတည်နေသည့် အမေရိကန်-တရုတ်ဆက်ဆံရေး မည်သို့ ရှေ့ဆက်သွားမည်ကို အကျယ်တဝင့် ဆွေးနွေးရန် ဘိုင်ဒန်က ကြိုးစားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် တယ်လီဖုန်း မခေါ်ဆိုမီနှင့် ခေါ်ဆိုနေစဉ်အတွင်း “လေးစားမှု” နှင့် “ရင်းနှီးပွင့်လင်းမှု”လေသံများ ရှိကြကြောင်း ဘိုင်ဒန် ဖုန်းပြောခဲ့သည့် အိမ်ဖြူတော်၊ စာချုပ်များထားရှိသော အခန်းအတွင်း ရှိနေသော အမေရိကန်အရာရှိ တစ်ဦးက ရှင်းပြသည်။

ထို့ပြင် Covid-19 ကူးစက်ရောဂါ၏ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် တရုတ်အနေဖြင့် ဆန္ဒမရှိကြောင်း ၎င်းတို့နှစ်ဦး ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးဌာန အတွင်းရေးမှူး ဂျန်ဆာကီ (Jen Psaki) က ပြောသည်။

“ဒါက ခေါင်းစဉ်တစ်ခုပါ။ အသေးစိတ်တော့ ကျနော် မပြောတော့ပါဘူး” ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ဂျန်ဆာကီက ထုတ်ဖော်ပြောသည်။

တရုတ်အစိုးရပိုင် ဆင်ဟွာမီဒီယာ၏ အဆိုအရ တရုတ်အပေါ်ထားရှိသည့် အမေရိကန်မူဝါဒသည် နိုင်ငံများ အချင်းချင်း ဆက်ဆံရေးအတွက် ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်စေခဲ့ကြောင်း ရှီကျင့်ဖျင်က ဘိုင်ဒန်ကို ပြန်လည်ပြောခဲ့ကြောင်း သိရသည်။

တရုတ်နှင့်အမေရိကန်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက နိုင်ငံများနှင့်ကမ္ဘာအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ သို့တည်း မဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ကြလျှင် ဒုက္ခရောက်ကြမည်ဖြစ်ကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကောင်းမွန်စွာ အဆုံးသတ်ရန် လိုသလားဆိုသည်မှာ ရွေးချယ်စရာ မေးခွန်းမဟုတ်ကြောင်း၊ မည်သို့မည်ပုံ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ရမည်ဆိုသည်က လိုအပ်သော မေးခွန်းဖြစ်ကြောင်း ရှီကျင့်ဖျင်က ဘိုင်ဒန်ကို ပြန်လည် ပြောဆိုခဲ့ သည်ဟု ဆင်ဟွာသတင်းအား ကိုးကားလျက် စီအင်န်အင်န်က ဆက်လက် ဖော်ပြသည်။

ရာသီဥတုပြောင်းလဲခြင်း၊ Covid-19 နှင့် အခြား နိုင်ငံတကာ ပြဿနာများကဲ့သို့ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ကြရန် တရုတ်က တိုက်တွန်းခဲ့သည်။

ယခု ဖုန်းခေါ်ဆိုမှုသည် ဘိုင်ဒန် သမ္မတရာထူးယူပြီးနောက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၇ လအတွင်း ပထမဆုံး အကြိမ် ခေါ်ဆိုမှုလည်း ဖြစ်သည်။