ဘန်ကောက်၊စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံတွင် နောင်လာမည့်ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်များသည် ၎င်းတို့မဲဆန္ဒနယ်ရှိ အမတ်အတွက် ဆန္ဒမဲ ၁ မဲ နှင့် ဦးစားပေးရွေးချယ်သည့်ပါတီအတွက် သီးခြားဆန္ဒမဲ ၁ မဲ ... စုစုပေါင်း ၂ မဲစီ ပေးရမည့် ဥပဒေမူကြမ်း ထွက်ပေါ်လာပြီဖြစ်ကြောင်း nationthailand.com က သတင်းဖော်ပြထားသည်။
ယင်းဥပဒေမူကြမ်းအရ မဲဆန္ဒနယ်အလိုက် အမတ်ဦးရေကို ၃၅၀ မှ ၄၀၀ သို့ တိုးစေပြီး ပါတီမဲစာရင်း၌ အမတ် ဦးရေ ၁၅၀ မှ ၁၀၀ သို့ လျှော့ချဖြတ်တောက်ထားမည်ဖြစ်ကြောင်း၊ ပါတီစာရင်းမှ အမတ်များကို ဦးစားပေး မဲရာခိုင်နှုန်းအပေါ် အခြေခံ၍ တွက်ချက်မည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်၏ထက်ဝက်ကျော်ရှိသည့် ထောက်ခံမဲ ၃၆၇ မဲရှိရန် လိုအပ်ပြီး ထို့အတွက် အတိုက်အခံအမတ်အနည်းဆုံး ၂၀ ရာခိုင်နှုန်း(၄၃ ဦး)နှင့် အထက်လွှတ်တော်အမတ် အနည်းဆုံး သုံးပုံတစ်ပုံ (၈၄) ဦးရှိရမည်ဖြစ်သည်။
စက်တင်ဘာ ၁၀ ရက်က အဆိုပါဥပဒေကြမ်းကို ထိုင်းလွှတ်တော်အမတ် ၄၇၂ ဦး၏ထောက်ခံမှုဖြင့် အတည်ပြု လိုက်ပြီဖြစ်သည်။ ယင်းသို့အတည်ပြုရေးအတွက် စုစုပေါင်းအမတ် ၄၆၇ ဦးအနက် ၃၂၃ ဦးက ထောက်ခံပြီး ကန့်ကွက်မဲ ၁၂၁ မဲရှိခဲ့သည်။ အထက်လွှတ်တော်တွင် အမတ်နေရာ ၂၂၅ ဦးရှိရာ ၁၄၉ ဦးက ထောက်ခံပြီး ၆၆ ဦးက ကန့်ကွက်မဲပေးခဲ့ကြခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းကို ၁၅ ရက်အတွင်း ထိုင်းဘုရင့်နန်းတော်သို့ တော်ဝင်ထောက်ခံချက်တောင်းခံရန် ထပ်ဆင့် ပေးပို့ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လွှတ်တော်အမတ်များက ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးသို့ အယူခံလွှာတင်သွင်းနိုင်သည်။
ဥပဒေကြမ်းကို အတည်ပြုပေးသော အာဏာရပါတီ၊ အတိုက်အခံများနှင့် လွှတ်တော်အမတ်များကို ကျေးဇူးတင် ပါကြောင်း ညွန့်ပေါင်းဒီမိုကရက်ပါတီခေါင်းဆောင် ဂျူရင်လက်ဆာနာဝီဆစ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၀ ရက် လွှတ်တော်အစည်းအဝေးသို့ စိုက်ပျိုးရေး ဒုတိယဝန်ကြီးဟောင်း သမ်မာနက်ပရွမ်ပေါ မတက်ရောက်နိုင်ခဲ့ကြောင်း၊ ၎င်းကို စက်တင်ဘာ ၈ ရက်ကပင် ရာထူးမှ ဖယ်ရှားခဲ့ခြင်းကြောင့် ယင်းသို့ မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။