CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀
အဆိုတော် အီတိုးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၉ မိုင်မှ အီတိုးမိသားစုပိုင် ခြံဝန်းအတွင်းရှိ လူငယ်များကို နစကမှ ဝင်ရောက် ဖမ်းဆီးသွားရာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိသားစုဝင်တချို့ကိုပါ ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
အဆိုပါ အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် မိသားစုဝင် တချို့ကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီခန့်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့(စက်တင်ဘာ ၁၀ ရက်) အချိန် (သတင်းရေးနေချိန် နေ့လယ် ၂ နာရီခွဲ)ထိ အဆက်အသွယ် မရသေးကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။
၎င်းက “အဆိုတော် ကိုအီတိုးနဲ့အတူ ကျမရဲ့ အစ်ကို မိသားစုနဲ့ မောင်လေးအပြင် ၉ မိုင်ခြံထဲမှာရှိတဲ့ လူတွေ အားလုံးကို မနက် ၄ နာရီခွဲ လူချိန်တိတ်တဲ့အချိန်မှာ ဖမ်းခေါ်သွားကြတယ်လို့ အနီးနားမှာ စုံစမ်းရသလောက်သိရပါတယ်။ ကိုအီတိုး ကိုတော့ ၈ မိုင်က အိမ်မှာ ဖမ်းမိတယ်ပြောပါတယ်။
၈ ရက်နေ့ကတည်းက ဖမ်းခေါ်သွားတာ ယနေ့အချိန်ထိ ဘာ အဆက် အသွယ်မှလည်း မရသေးပါဘူး”ဟု သူမ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ရေးသားဖော်ပြထားသည်။
အထက်ပါ ရေးသား ဖော်ပြထားချက်ကို ဖော်ပြခွင့်ပြုရန် CNI သတင်းဌာနက မေးမြန်းကြည့်ရာ ကာယကံရှင်က ခွင့်ပြုပေးခဲ့သည်။
အဆိုတော် အီတိုးကို ဖမ်းဆီးပြီးနောက် ၉ မိုင်ရှိ ခြံဝန်းအတွင်းရှိ လူများအားလုံးကို လာရောက် ဖမ်းဆီးသွားကြောင်း၊ မည်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။
ပုံ- ၉ မိုင်ခြံဝန်းမှာ မိသားစုဝင်များနှင့်အတူ ခေါ်ဆောင်သွားခံရသူ အသက် ၅ နှစ်အရွယ် ကလေးငယ်(ပုံ-မိသားစုဝင်)
အီတိုးနှင့်ဆက်စပ်၍ ဖမ်းဆီးခံရခြင်း ဖြစ်သော်လည်း အဆိုတော်အီတိုးသည် ထိုခြံ(ဖမ်းဆီးခံလိုက်ရသည့် ခြံ)သို့ ရံဖန်ရံခါမှ သာ လာရောက်တတ်ကြောင်း၊ အခြား ဖမ်းဆီးခံရသူများကိုလည်း အတိအကျ မသိရသေးကြောင်း ၎င်းက ပြောသည်။
ဖမ်းဆီးခံထားရသည့် အသက် ၅ နှစ်အရွယ် မိသားစုဝင်တစ်ဦးက “ အီတိုးနဲ့ ပတ်သက်တာထက် ဦး(အဆိုတော် ဇော်ဝင်းထွဋ်)နဲ့ သိပြီး အဲ့ဒီခြံကိုရောက်လာတာ။ ပြောရရင် ခြံစောင့် သဘောမျိုးနဲ့နေတယ်။ အီတိုးကလည်း အဲ့မှာ အမြဲ မနေဘူး၊ တစ်ခါတစ်လေမှလာတာ။ တခြား ဖမ်းခံရသူတွေက ဘယ်သူတွေလဲတော့ သေချာမသိသေးဘူး”ဟု ပြောသည်။
လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရသော အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်များကို မည်သည့်နေရာမှာ ခေါ်ဆောင်ထားကြောင်း မသိရသေးသလို အဆက်အသွယ် မရသေးသည့်အတွက် ဖြစ်စဉ်အသေးစိတ် မသိရသေးကြောင်း၊ အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်က ပြောသည်။
ပုံ- အီတိုးနှင့်ဆက်စပ်သူဟုဆိုကာ ဖမ်းဆီးခံထားရသူ ကလေးငယ်၏ မိသားစုဝင်တချို့(ပုံ-မိသားစုဝင်)
အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်မိသားစုဝင်တချို့ဖမ်းခံရမှုကို စိတ်ပူနေသော မိသားစုဝင်တစ်ဦးက “ဖုန်း တွေ ဆက်လည်း ဝင်ပါတယ် မကိုင်ဘူး။ ဖုန်းကတော့သူတို့ပဲ သိမ်းထားတယ်ထင်တယ်။ သူတို့လည်း ဘာမှမလုပ်ထားတဲ့အတွက် စစ်ဆေး မေးမြန်းပြီးရင် ပြန်လွှတ်လို့ရနေပြီ။ ၅ နှစ်အရွယ် ကလေးလေးက ဒီလိုကိစ္စကို ဘာသိမှာလဲ။ ကျမ တူမလေးအတွက် အရမ်း စိတ်ပူတယ်။ အိမ်မှာဆို တစ်နေ့လုံး မုန့်စားလိုက် ဆော့လိုက် ကလေးသဘာဝ သူနေချင်သလိုလေးနေပြီးဆော့နေ စားနေတဲ့ ကလေးလေး အခုတော့အထဲမှာ သူဘယ်လိုများနေလိမ့်မလဲဆိုပြီး တွေးကြည့်ရင်တောင် ကြောက်တယ်။ ယနေ့အထိ အဆက်သွယ်မရတဲ့အတွက် ပိုစိတ်ပူရတယ်။ အားလုံးအထဲမှာ အဆင်များပြေပါ့မလား၊ သူတို့ပဲ ရိုက်နှက်နေ နှိပ်စက်နေပြီလားလို့ အတွေးတွေက ဝင်လာရင် ရင်ထဲမှာ စို့နင့်နေတာပဲ" ဟု ရေးသားထားသည်။
လက်ရှိတွင် အဆိုတော် အီတိုးကို ရေကြည်အိုင်သို့ခေါ်ဆောင်သွားပြီး ကျန်လူများကို မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရှိရသေးကြောင်း နီးစပ်သူများက ပြောသည်။
အီတိုး ဖမ်းဆီးခံရခြင်းနှင့်အီတိုးနှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့်ပတ်သက်ပြီး နစက သတင်း ထုတ်ပြန်ရေးအဖွဲ့သို့ CNI သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယခုအချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။