၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့ရာမှာ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)တို့လည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် တိုင်းရင်းသားပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(LNDP) တို့လည်း Zoom Meeting ဖြင့် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးပွဲကို တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ နိုင်ငံရေးပါတီ ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။
ဦးထွန်းအောင်ကျော်က “တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေ တက်ရောက်တယ်။ အားလုံး ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ အဓိကတော့ လူငယ်ပိုင်းများတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အထဲမှာ လူငယ်ကဏ္ဍတွေ ပါတဲ့အတွက်ပါ။ ကျနော်တို့ ပါတီကလည်း လူငယ်ကဏ္ဍနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်ကိုပဲ ရွေးပြီး ဖိတ်တဲ့ အတွက် လူငယ်ကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဦးခိုင်ကျော်မိုး တက်ရောက်ပါတယ်” ဟု ပြောသည်။
ထိုဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီမှ ကိုဗစ် - ၁၉ နှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများကို လိုအပ်သည့် ဒေသများ သို့ ပေးအပ်လှူဒါန်းနေခြင်း အခြေအနေများ အပါ အဝင် ကိုဗစ် - ၁၉ ရောဂါ မပြန့်ပွားရေး၊ ကိုဗစ် - ၁၉ ကာကွယ် တာဆီး ရေးများတွင် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် ဆွေးနွေးပွဲတွင် တက်ရောက်သည့် နိုင်ငံရေးပါတီ များပြားသည့်အတွက် ANP ပါတီအနေဖြင့် ဆွေးနွေးခွင့် မရရှိခဲ့ဟု သိရသည်။
လီဆူပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းက မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ ဆွေးနွေးခွင့် မပြုထားပဲ တက်ရောက်နားထောင်ခွင့် ပြုထားကြောင်း ဆိုသည်။
“Zoom Meeting မှာတော့ သီးခြားကျနော်တို့ ဆွေးနွေးသွားတာမရှိဘူး။ သူတို့ဘက်က ဆွေးနွေးသွားတာတွေ နောက် နိုင်ငံတကာက သူတို့ခွင့်ပြုထားတဲ့ ပါတီက ဆွေးနွေးသွားတာရှိတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးပါတီများအားလုံးကို သူတို့ပြောတာတော့ စကားပြောခွင့် မပေးထားပါဘူး။ ဒါလေးတော့ ကျနော်မေးလို့ သိရတာပေါ့” ဟု ဦးရွှေမင်းက ပြောသည်။
ထို့နောက် လူငယ်ကဏ္ဍများကို ရှေ့ရှုပြီး ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် ANP ပါတီမှာ ညီနောင်ပါတီကဲ့သို့ ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း၊ ယခုလို ဖိတ်ကြား သည့်အတွက် ကြိုဆိုကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
ဦးထွန်းအောင်ကျော်က “ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ကတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ကတော့ အင်မတန် ခင်မင်ရင်းနှီးတဲ့ ဆံဆက်မှုမှာ ရှိပါတယ်။ ညီနောင်ပါတီလိုပေါ့ဗျာ။ လေ့လာရေးအနေနဲ့ အကြိမ်ပေါင်း တော်တော်များများ ကျနော်တို့ ပါတီအနေနဲ့ ကိုယ်စားလှယ်တွေ လွှတ်ပြီးတော့မှ နှစ်ပါတီ ဆက်ဆံမှုကဏ္ဍတွေ ရှိပါတယ်။ အဲတာကြောင့်မို့ ကျနော်တို့ပါတီအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားရှင်းလင်းတဲ့ အပေါ်မှာ ကျနော်တို့ ကြိုဆိုတယ်။ ကောင်းတဲ့ လက္ခဏာလို့ပဲ ပြောလိုပါ တယ်” ဟု ပြော သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများပါဝင်သည့် ဆွေးနွေးပွဲကို NLD မှ စမ်းချောင်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိ ယဥက္ကဌ ဦးဘိုဘိုဦး၊ USDP မှ လူငယ်ရေးရောကော်မတီ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင်၊ ANP ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီ/ လူငယ်ကဏ္ဍမှ အဖွဲ့ဝင် ဦးခိုင်ကျော်မိုး နှင့် လီဆူပါတီ မှ ပါတီဥက္ကဋ္ဌ ဦးရွှေမင်း တက်ရောက်ခဲ့သည်ဟု သိရသည်။