မနီလာ၊စက်တင်ဘာ ၁၀

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် စိတ်ကြွဆေးရောင်းဝယ်ဖောက်ကားသူ တရုတ်နိုင်ငံသား ၄ ဦးကို စက်တင်ဘာ ၇ ရက်က ရဲတပ်ဖွဲ့က ရှာဖွေစီးနင်းရင်း အသေဖမ်းဆီးရမိပြီး မက်သာဖက်တမင်း ၅၀၀ ကီလိုဂရမ် (ပေါင် ၁,၁၀၀) သိမ်းဆည်းရမိကြောင်း South China Morning Post သတင်းစာ၏ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

ဝင်ရောက်စီးနင်းခဲ့သောနေရာသည် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး အကြီးမားဆုံး ဖြန့်ဖြူးသိုလှောင်နေခြင်းဖြစ် ဟုလည်း ထုတ်ပြန်ရေးသားထားသည်။

အဆိုပါမူးယစ်ဆေးဝါးများသည် အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါးရှိသည်ဟု ခန့်မှန်းရကြောင်း၊ နိုင်ငံတကာ ရေပိုင်နက်ထဲ စက်လှေငယ်များဖြင့် ထုပ်ပိုးတင်ပို့ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ခိုးသွင်းခဲ့ကြောင်း ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က ကြေညာချက်တစ်စောင်တွင် ဆိုထားသည်။

အသေဖမ်းဆီးရမိသူများအနက် တစ်ဦးမှာ ရှုယိုဟာ ဟု အမည်သိရပြီး ၎င်းသည် မူးယစ်မှောင်ခိုလုပ်ငန်းများ ကြောင့် ဖိလစ်ပိုင်ရဲက အဓိကစောင့်ကြည့်ခံနေရသူလည်းဖြစ်သည်။

ရဲများ ဝင်ရောက်စီးနင်းခဲ့သောနေရာမှာ ဇမ်ဘဲစ်ပြည်နယ်၊ ကန်ဒီလာရီးယားမြို့ရှိ ဟိုတယ်တစ်ခုတွင်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် တရုတ်မူးယစ်မှောင်ခိုးသမား ၄ ဦးစလုံး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ဖိလစ်ပိုင်၏အဓိကကျွန်းကြီးဖြစ်သော လူဇွန်ကျွန်းပေါ် ဖြန့်ဖြူးမည်ဟု ယုံကြည်ကြောင်း ဖိလစ်ပိုင် ရဲအရာရှိများက ပြောသည်။

ယင်းသို့ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ၌ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီအပါအဝင် အခြားအစိုးရအေဂျင်စီများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

“ဒီစစ်ဆင်ရေးဟာ အစိုးရရဲ့မူးယစ်တိုက်ဖျက်ရေး ချဉ်းကပ်မှုရဲ့ရလဒ်ပဲဖြစ်ပါတယ်” ဟု ရဲချုပ် ဂွီလာမိုအယ်အီဇာက ဆိုသည်။