၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူး ရာမတ်ချ် ရာဂျာစင်းဟန်း (Ramesh Rajasingham)သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)အဖွဲ့ဝင်တချို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သံတမန်အသိုင်းအဝိုင်းမှသိရသည်။

လက်ရှိတွင် ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးသည် မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ရောက်ရှိနေပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ရောက်ရှိမည်ဖြစ်ကာ နစကအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု နစကနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

“ဟုတ်ပါတယ်၊ ရောက်ပါပြီ၊ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါ်သက်သက်ခိုင်တို့ပဲ တွေ့မယ်လို့ကြားပါတယ်၊ ကျန်းမာရေးဝန်ကြီးတော့ မပါပါဘူး” ဟု ၎င်းက CNI သို့ ပြောသည်။

ပုံ-ဦးဝဏ္ဏမောင်လွင်၊ဦးကိုကိုလှိုင်၊ဒေါက်တာသက်သက်ခိုင်တို့ကိုတွေ့ရစဉ်

ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ရာမတ်ချ်ရာဂျာစင်းဟန်းနှင့်နစကတို့ တွေ့ဆုံဆွေးနွေး ရာတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခြေ ရှိ/မရှိကိုတော့ မပြောနိုင်သေးကြောင်း နစကနှင့် နီးစပ်သူတစ်ဉီးကပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး အခြေအနေများနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများပေးနိုင်ရေး အခြေအနေတို့ကို အဓိက ဆွေးနွေးကြမည် ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက CNI သို့ ပြောသည်။

“အခု ကုလကိုယ်စားလှယ် ရောက်နေတာတော့ ဟုတ်တယ်၊ နစကနဲ့ဆွေးနွေးဖို့ရှိတယ်၊ အဓိက Covid Vaccine ကိစ္စနဲ့ လူသားချင်းစာနာထောက်မှုအကူညီများပေးအပ်ရေးအခြေအနေတွေကို ဆွေးနွေးဖို့ရှိတယ်လို့ကြားပါတယ်။ တခြားကိစ္စတွေတော့ မသိဘူးဗျ”ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရာမတ်ချ် ရာဂျာစင်းဟန်းသည် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး(OCHA)၏ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် အရေးပေါ်ကူညီ ကယ်ဆယ်ရေးဒုတိယညှိနှိုင်းရေးမှူး တာဝန်ကို ယူထားသူဖြစ်သည်။

ကုလကိုယ်စားလှယ် ရာမတ်ချ် ရာဂျာစင်းဟန်း ရောက်ရှိနေခြင်းနှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးသို့ CNI က ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိသေး ပေ။