ပြုံယမ်း၊စက်တင်ဘာ ၁၄
ယခုသီတင်းပတ်အကုန်ပိုင်းက မြောက်ကိုရီးယားသည် တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်များကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် Korean Central News Agency (KCNA) ကို ကိုးကားလျက် စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အဆိုပါဒုံးကျည်သစ်များကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး လက်နက်များ တိုးတက်မှု နှစ်နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း KCNA သတင်းက ဆိုသည်။
လက်နက်များပိုင်ဆိုင်ခြင်းသည် ထိရောက်သောအဟန့်အတားတစ်ခုအနေဖြင့် ၎င်းတို့နိုင်ငံလုံခြုံရေးကို ပိုမိုယုံကြည်စိတ်ချစွာ အာမခံနိုင်ကြောင်းနှင့် မြောက်ကိုရီးယားကို ရန်လိုသောအင်အားစုများကို စစ်ရေးဖြင့် အပြင်းအထန်ဆန့်ကျင်ကြောင်း KCNA သတင်းအေဂျင်စီက ဆက်လက်ဖော်ပြသည်။
ယင်းသို့ ဒုံးကျည်ပစ်လွှတ်မှုအခြေအနေကို အိမ်နီးချင်းတောင်ကိုရီးယားနှင့် အမေရိကန်တို့က စုံစမ်းနေကြ ကြောင်း နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက စီအင်န်အင်န်သို့ ပြောသည်။
“ဝေဟင် အနိမ့်ပျံတဲ့စမ်းသပ်မှုတွေ လုပ်ပြီးရင် ခရုဇ်ဒုံးကျည်တွေကို မကြာခဏထည့်သွင်း ပစ်ခတ်ပြလေ့ရှိတယ်။ ဒီနှစ်ထဲမှာ မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်စမ်းသပ်တာ နှစ်ခါရှိပြီဆိုပေမယ့် သူတို့စမ်းသပ်တာအကုန်လုံးတော့ ထုတ်မပြဘူးပေါ့ဗျာ” ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့၌ မြောက်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့တက်ရောက်မည့် ဆွေးနွေးပွဲသို့ တောင်ကိုရီးယား၏နျူးကလီးယားအရေးကိုယ်စားလှယ် သွား ရောက်နေစဉ်အတွင်း ယခုကဲ့သို့ ဒုံးကျည် ပစ်လွှတ်သည့်သတင်းကို မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။
မြောက်ကိုရီးယား ခရုဇ်ဒုံးကျည်ပစ်လွှတ်သည့်သတင်းကို မိမိတို့ သတိပြုမိကြောင်း၊ အမေရိကန်သည် မိမိ၏မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
“အခုလုပ်ရပ်ဟာ သူတို့စစ်ရေးအစီအစဉ် တိုးတက်အောင်လုပ်တာနဲ့ အိမ်နီးချင်းတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကို ခြိမ်းခြောက်နေတယ်ဆိုတာ မီးမောင်းထိုးပြတာပဲဖြစ်ပါတယ်” ဟု အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။