ဟောင်ကောင်၊ စက်တင်ဘာ ၁၄

တရုတ်လောင်းကစားလုပ်ငန်းများ ဆုံချက်ဖြစ်သည့် မကာအိုကျွန်းပေါ်တွင် ဥပဒေပြုလွှတ်တော် ဒီမိုကရေစီ အခင်းအကျင်း ဆုံးရှုံးခဲ့ရကြောင်း၊ ၎င်းမှာ မဲပေးသူနည်းပါးခြင်းနှင့် ကိုယ်စားလှယ်လောင်းများ အရည်အသွေး မပြည့်မီဟူသော အကြောင်းပြချက်တို့ဖြစ်ခြင်းကြောင့်ဟု Channel News Asia ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြသည်။

ရွေးကောက်ပွဲတာဝန်ရှိသူများက Covid-19 နှင့် ရာသီဥတုပေါ်မူတည်၍ လာရောက်မဲပေးသူနည်းပါးသည်ဟု ယူဆကြကြောင်း hongkongfp.com က ဆိုသည်။

မကာအိုသည် အိမ်နီးချင်း ဟောင်ကောင်ကျွန်းကဲ့သို့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ရ တရုတ် ပိုင်နက် နယ်မြေတစ်ခုဖြစ်ပြီး ဘေဂျင်းဗဟိုအစိုးရက မကြာသေးမီနှစ်များအတွင်း တိုက်ရိုက်အုပ်ချုပ်လာခဲ့ကာ ပိုမိုတင်းကျပ်ခဲ့သည်။

မကာအိုအာဏာပိုင်များက စက်တင်ဘာ ၁၂ ရက် ရွေးကောက်ပွဲတွင် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ဒီမိုကရေစီလိုလားသော ကိုယ်စားလှယ်လောင်း ၂၁ ဦးကို အရည်အချင်းမပြည့်မီဟု သတ်မှတ်ခဲ့သည်။

မကာအိုပြည်သူများသည် ၁၉၈၉ ခုနှစ် တီအန်နန်မင်ရင်ပြင်ဖြိုခွင်းခံရမှုကို ဂုဏ်ပြုခြင်းနှင့် အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် ဘေဂျင်းကိုဝေဖန်သူ လျူဇီယာဘိုတို့ကို အားပေးခြင်းတို့ကြောင့် တရုတ်အစိုးရအပေါ် သစ္စာဖောက်သူများအဖြစ် စွပ်စွဲခံရသည်။

မကာအိုလွှတ်တော်တွင် အမတ်နေရာ ၃၃ နေရာရှိရာ ၁၄ နေရာကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်းနှင့် စက်တင်ဘာ ၁၃ ရက်က ပဏာမမဲရေတွက်ခြင်းတို့က၂၀၁၇ ခုနှစ်၏နောက်ဆုံးမဲအရေအတွက်၏ ထက်ဝက်ခန့် သာ ရရှိ၍ ဒီမိုကရေစီအခင်းအကျင်းကို ထိခိုက်ခဲ့ရသည်။

အခြား ဥပဒေပြုအမတ် ၁၉ ဦးတို့တွင် သွယ်ဝိုက်သောနည်းဖြင့် လုပ်ငန်းကဏ္ဍအသီးသီးမှ ရွေးချယ်ထားသော ၁၂ ဦးနှင့် မကာအိုအမှုဆောင်ချုပ်မှ ခန့်အပ်သူ ၇ ဦး ပါဝင်သည်။

ယခင် ပေါ်တူဂီကိုလိုနီဖြစ်ခဲ့သော မကာအိုကျွန်းသည် ၁၉၉၉ ခုနှစ်၌ တရုတ်လက်သို့ လွှဲပြောင်းရောက်ရှိပြီး နောက် မဲအရေအတွက် ၄၂ ရာခိုင်နှုန်းသာရှိ၍ အနိမ့်ဆုံးဖြစ်ခဲ့သော်လည်း ဒီမိုကရေစီလိုလားသော ကိုယ်စားလှယ်လောင်းများ အရည်အချင်းမပြည့်မီဟုဆိုကာ မကာအိုအာဏာပိုင်များက ၎င်းတို့မဲရလဒ်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

မကာအိုရွေးကောက်ပွဲရေးရာကော်မတီဥက္ကဋ္ဌ တောင်ဟွိုင်ဖောင်းက စက်တင်ဘာ ၁၃ ရက်၌ ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်ချက်များ၊ မိုးသည်းထန်၍ ရာသီဥတုပူပြင်းခြင်းတို့ကြောင့် မဲလာပေးသူဦးရေ နည်းပါးရသည်ဟု အကြောင်းပြခဲ့သည်။

မကာအိုတွင် ဒီမိုကရေစီလိုလားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အရည်အချင်းမမီဟု သတ်မှတ်ခြင်းသည် ဟောင်ကောင်နှင့် အလားတူအဆုံးအဖြတ်မျိုးပင်ဖြစ်ပြီး တရုတ်အာဏာပိုင်များနှင့် သဘောထားကွဲလွဲသူများ၊ မြို့ပြဒီမိုကရေစီအရေးလှုပ်ရှားသူများကို ချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် အမျိုးသားလုံခြုံရေးဥပဒေနှင့် ရွေးကောက်ပွဲပြန်လည်ပြင်ဆင်ရေးတို့ကို အာဏာပိုင်များက လုပ်ဆောင်ခဲ့သည်။