၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံ သယ်ဆောင်လာသည့် ငွေသယ်ကား (၂)စီးအား လုယက်ခဲ့သည့် တရားခံ (၇)ဦးကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်တွင် ပါဝင်သည့် တရားခံ ကျား ၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၇ ဦးအား M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ AK-47 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည် အိမ်မျိုးစုံ ၁၂ ခု အပါအဝင် အခြား ဆက်စပ်ပစ္စည်းများနှင့် ဓားပြတိုက်ရာတွင် ယူဆောင်သွားခဲ့သော ငွေများနှင့် အတူ ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

ထိုငွေသယ်ကား စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး ကားလမ်း ဟောင်း မိုင်တိုင်အမှတ်(၂၅/၅) နေရာသို့ ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်၍(အမျိုးအစား စိစစ်ဆဲ) လက်နက်ငယ် ၂ လက်ကိုင်ဆောင်ထားသူ ၂ ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထာသူ ၄ ဦး စုစုပေါင်း ၇ ဦးတို့က လုယက်မှု ဖြစ်ပွားခဲြ့ခင်း ဖြစ်သည်။

ထိုတရားခံများသည် ယာဉ် ၂ စီးအား တားဆီး၍ ဘဏ်ဝန်ထမ်း ၅ ဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်အမဲ ဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း ၃ လုံးအား တရားခံများ စီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။