၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ကိုယ်စားလှယ်ထားခွင့်ရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ကြိုးပမ်းလျက်ရှိရာ နှစ်ဖွဲ့စလုံးကို ကိုယ်စားလှယ်ထားခွင့် မပေးဘဲ လစ်လပ်နေရာထားမည့် သဘောရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ကို ဆိုင်းငံထားပါက နှစ်ဖွဲ့စလုံးကို မထားဘဲ Vacancy (လစ်လပ်နေရာ) ထားမည့် နည်းလမ်းတစ်ခုရှိကြောင်း၊ သို့သော် လက်ရှိ မြန်မာကိုယ်စားလှယ်ဖြစ်နေသူ ဉီးကျော်မိုးထွန်းကို သူ၏ သက်တမ်း နိုဝင်ဘာလအထိကိုတော့ ထားရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။

SNLD ၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ကျနော်သိတာတော့ NUG ကိုလည်း မပေးဘူးလို့ကြားတယ်။ ဦးကျော်မိုးထွန်းကိုတော့ ဆက်ပေးထားမယ်လို့ ကြားတယ်။ ဒါပေမယ့် ဦးကျော်မိုးထွန်းကို ဆက်ထားတယ်ဆိုပေမယ့် NUG ကိုယ်စားလို့တော့ သူတို့ သတ်မှတ်မှာ မဟုတ်ဘူး။ နောက် ပြီးတော့ စကားပြောခွင့်လည်း လောလောဆယ် စက်တင်ဘာမှာ ပေးမှာမဟုတ်ဘူး။ သူ့ကို နိုဝင်ဘာ သူ့သက်တမ်း ကုန်တဲ့ အထိ ဆက်ရှိမယ့် သဘောရှိတယ်။ နှစ်ဖွဲ့စလုံး မထားပဲနဲ့ Vacancy (လစ်လပ်နေရာ)ထားမယ့် နည်းလမ်းတစ်ခုတော့ ရှိ တယ်။ ဒါပေမယ် အခုထွက်တဲ့ သတင်းက အဲလိုမဟုတ်ဘူး။ Vacancy ထားပြီးတော့ ဘယ်သူ့မှ မရှိဘဲနဲ့ ဘာလို့လည်း ဆိုတော့ ကျော်မိုးထွန်းရဲ့ Appointment ကလည်း နိုဝင်ဘာအထိရှိသေးတယ်” ဟု ပြောသည်။

ထို့နောက် ကုလသမဂ္ဂအနေဖြင့် ကုလမှာ မြန်မာကိုယ်စားပြုခွင့်ကို ဆိုင်းငံထားပါက ပြည်တွင်း၌ အားပြိုင်မှုများ ဖြစ်လာ လိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ထုံးစံအတိုင်းပဲ ကိုယ့်ရှိတဲ့အားနဲ့ သူတို့ နိုင်အောင် ကြိုးစားကြရမှာပေါ့။ NUG အနေနဲ့ကလည်း ယတိပြတ်ပြောလိုက်ပြီ သူတို့ အရေးတော်ပုံကိစ္စကို နိုင်ငံတကာကို အားကိုးနေလို့ မရဘူးဆိုတာ သူတို့ ပြောလိုက်ပြီလေ။ ပြောလိုက်ပြီဆိုတာ သိတဲ့အတိုင်းပဲ ကုလသမဂ္ဂတို့ ဘာတို့ကလည်း သူတို့ကိုယ်တိုင် ဘာမှဝင်မလုပ်နိုင် တဲ့ အခါကြတော့ အာဆီယံကို လွဲတယ်” ဟု ပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၇၆ ကြိမ်မြောက် ညီလာခံကို မနက်ဖြန်ကျင်းပမည်ဖြစ်ပြီး အဖွဲ့၀င် ၉ နိုင်ငံပါ၀င်သည့် စိစစ်ရေးကော်မတီ(Credential Committee)က နစကနှင့် NUG က အဆိုပြုမည့် ကိုယ်စားလှယ် နှစ်ဉီးထဲမှ မည်သူကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မည်သူကို ခန့်အပ်သင့်လဲဆိုခြင်းအပေါ် စိစစ်ရွေးချယ်ကြမည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်းရှိ သံတမန်သတင်းများအရ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အနေဖြင့် နစကနှင့် NUG ကို ကိုယ်စားပြုခွင့်မပေးဘဲ လစ်လပ်နေရာအဖြစ် ဆိုင်းငံ့ထားနိုင်သည်ဟု သတင်းမျိုးထွက်လာခဲ့သည်။

ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့် လစ်ဟာနေပါက မြန်မာနိုင်ငံနှင့် ပတ်သက် သည့် လက်တွေ့ ဆောင်ရွက်ချက်များ အခက်အခဲ ဖြစ်လိမ့်မည်ဟု ဆိုသည်။

PP ပါတီ၏ ဦးကိုကိုကြီးက “ကုလသမဂ္ဂမှာ နိုင်ငံအနေနဲ့ တည်ရှိမှုကတော့ ရှိနေမယ်။ သို့သော် နိုင်ငံကိုယ်စားပြုခွင့်ကတော့ လစ်ဟာနေရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ် သက်တဲ့ လက်တွေ့ဆောင်ရွက်ဖို့လည်း အခက်အခဲ ဖြစ်လိမ့်မယ်လို့ မြင် တယ်” ဟု ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကြားဝင် ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော နစက(မူရင်း-စစ်ကောင်စီ)၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား အားကိုး၍ မရတော့ ကြောင်း NUG က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။