၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာ ခံပိတ်ပွဲနှင့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့သည်။

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ (၃)နာရီ အချိန်၌ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် အထွေထွညီလာခံ၏ အရည်အချင်းစစ်ကော်မတီ(Credentials Committee)အဖွဲ့ဝင် နိုင်ငံများကို ရွေးချယ်ခန့် အပ်ခဲ့ပြီး အရည်အချင်းစစ်ကော်မတီတွင် အဖွဲ့ဝင် နိုင်ငံများအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်း၊ နမီးဘီးယား၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြသည်။

အဆိုပါ (၇၅)ကြိမ်မြောက် ကုသသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲ အစည်းအဝေးနှင့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဖွင့်ပွဲနှင့် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့သည်။

ပုံ- ဉီးကျော်မိုးထွန်းကို စက်တင်ဘာ ၁၄ ရက်က ညီလာခံမှာ တွေ့ရစဉ်(CRPH-fb)

ထိုအစည်းအဝေး အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးကျော်မိုးထွန်းသည် နိုဝင်ဘာလထိ ကုလကိုယ်စားလှယ်အဖြစ် တည်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပေါ်ပေါက်ခဲ့သော နိုင်ငံရေး အကျပ် အတည်းကြောင့် အစိုးရ နှစ်ရပ်ဖြစ်နေရာ နစက ဘက်က အဆို ပြုသည့် ကုလအမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ရေးနှင့် NUG ဘက်က အဆိုပြုထားသော လက်ရှိ ကုလအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ နှစ်ဦးထဲမှ မည်သူကို အတည်ပြုပေးမလဲဆိုတာကို Credentials Committee က စိစစ် ရွေးချယ်သွားမှာ ဖြစ်သည်။

နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြားမှာတော့ နစက နှင့် NUG တို့၏ ကုလ အမြဲတမ်း ကိုယ်စားလှယ် ခန့်အပ်ပေးရေး အဆိုပြုချက်ကို ကုလက လစ်လပ်နေရာအဖြစ် ထားနိုင်ကြောင်း သို့မဟုတ်ပါက ဦးကျော်မိုးထွန်းကို နိုဝင်ဘာလ သူ၏ သက်တမ်းကုန်ဆုံးသည့်အထိသာ ဆက်ထားနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။