၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်ကျေးရွာအနီးတွင် တရုတ်ဘက်မှ နယ်မြေ ခြံစည်းရိုး ခတ်မှုသည် မြန်မာနိုင်ငံဘက်သို့ နယ်မြေသတ်မှတ်ချက် စည်းကျော်သဖြင့် ဒေသခံရွာသား ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြပြီးနောက် ခြံစည်းရိုးကို ဖြိုဖျက်ခဲ့ကြောင်း ဟတ်ဟင်ကျေးရွာ ဒေသခံတစ်ဦး ဦးစိုင်း (အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

ဟတ်ဟင်ကျေးရွာ ဒေသခံ ဦးစိုင်း (အမည်လွှဲ) က “အဲမြေကို သူတို့က ရကိုရချင်နေတာ။ မြေဧရိယာ ဒဿမ ၅၀၊ ၆၀ လောက် ရှိ မယ်ထင်တယ်။ ဒီလ ၁၂ ရက်နေ့က ခိုးကာတာပေါ့။ နေ့လည် ၂ နာရီကျော်လောက်က စကာတာ။ အဲစကာကတည်းက ဆို ရင် ၁၀ တိုင်လောက် ဝင်ထားတယ်။ ပေ ၄၀ ပတ်ဝန်းကျင်လောက် ဝင်ထားတယ်ဆိုတော့ ရွာသားတွေက ရယကကို ပြန်လာ တိုင်တယ်။ ရယက-ကနေပြီး သွားကြီးကြပ်ပြီးတော့ ရွာသူရွာသားတွေက အကုန်လုံး သွားကန့်ကွက်ပြီးတော့ ဆန္ဒပြကြတာ ပေါ့။ အဲတိုင်တွေ ဘာတွေကို ပြန်နှုတ်။ ပြန်နှုတ်ပြီးလို့ရှိရင် ခုလိုကာတာ လက်မခံဘူးပေါ့။ အဲလို ပြဿနာဖြစ်ကြတာ” ဟု ဆိုသည်။

တရုတ်ဘက်မှ ထိုမြေအား အရယူချင်နေကြောင်း ထိုသို့ မြေနေရာ ကျော်လွန်ကာ ခြံစည်းရိုးခတ်ခြင်းအား ပထမတစ်ကြိမ် တားမြစ်ခဲ့သော်လည်း စက်တင်ဘာ ၁၂ ရက်နေ့တွင် ဒေသခံ ရွာသားများမသိအောင် ခိုးကာနေကြောင်း၊ ထို့နောက် ခြံစည်းရိုး ခတ်ထားသည်ကို ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခြံစည်းရိုးကာသည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြသော်လည်း ကိုဗစ်ကြောင့် တရုတ်ဘက်မှ လူချင်းတွေ့ မဆွေးနွေးခြင်း ကြောင့် ဖုန်းဖြင့်သာ ပြောဆိုရကြောင်း သိရသည်။

ဟတ်ဟင်ကျေးရွာ ဒေသခံတစ်ဦး ဦးစိုင်း (အမည်လွှဲ) က “တရုတ်လူကြီးတွေက သူတို့စက်နဲ့ သူတို့လာတိုင်းတာပေါ့။ GPS စက်လားမသိဘူး။ ဒါ သူတို့ဘက်က ပါသွားတာပေါ့။ အဲ့လိုပြောတာ။ ဒါပေမယ့် ရွာသူ ရွာသား အသက်ကြီးသူတွေက ဟာ အဲဒါမဟုတ်ဘူး။ ဒါ မြန်မာပြည်ဘက်က မြေတွေ အဲလိုပြောတာ” ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်မျဉ်း ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကလည်း ယခု ကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ခဲ့
ဖူးသည်။

တရုတ်နိုင်ငံရွာသားများမှ တရုတ်အပိုင်ဟု ၎င်းတို့ယူဆသည့် နယ်စပ်မျဉ်းအား ၂၀၁၄ ခုနှစ်က ပေ၂၀ အမြင့် ၁၀ ပေ အကျယ် ကားသွား၍ရသည့် မြစ်ထိန်းနံရံအား တရုတ်မှ တည်ဆောက်ခဲ့ကြသည်။

မြစ်ရေကြီးသည့်အခါတွင် မြန်မာဘက်ခြမ်းသို့ ရေတိုက်စားပြီး မြန်မာဘက်မှ မြေများ တရုတ်ပြည်ဘက်သို့ မြေနုကျွန်းအဖြစ် ဧက (၈၀) လောက် ပါသွားကာ Covid ဖြစ်လာသည့်အတွက် ၂၀၂၀ ခုနှစ်၌ ထိုမြစ်ထိန်း နံရံကပ်ရပ် နေရာမှာ ၁၂ ပေအမြင့် သံဆူးကြိုး အပြည့်ပါ ကာထားကြောင်း သိရသည်။

ဇွန် ၂၀ ရက်နေ့တွင် ထပ်မံ၍ ခြံစည်းရိုး နောက်ထပ်ကာရန် ထိုမြေနုကျွန်းအား ယူရန်ဟုဆိုပြီး မြေတူးကြကြောင်း၊ ဇွန် ၂၂ ရက် နှင့် ၂၃ ရက်နေ့တွင် ခြံစည်းရိုးအသစ် ထပ်ကာကြောင်း၊ ထိုသို့ မြန်မာပိုင်နက် နယ်မြေများတွင် ခြံစည်းရိုးများ ကာခြင်း ကြောင့် ရွာသားများမှ မခံနိုင်ဖြစ်ကာ ခြံစည်းရိုးကို ဖျက်စီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။