မိုဂါဒစ်ရှူး စက်တင်ဘာ ၁၅
ဆိုမာလီယာနိုင်ငံ၊ မြို့တော်မိုဂါဒစ်ရှူးတွင် အသေခံ ဗုံးခွဲခြင်းဟု သံသယရှိသော တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးကြောင်း ရဲနှင့်မျက်မြင်သက်သေများက ပြောသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနမှာ ဖော်ပြသည်။
စက်တင်ဘာ ၁၄ ရက်က အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားနှင့်လုံခြုံရေး တာဝန်ယူနေသော စစ်သားအချို့ သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
“စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတုန်းပဲ။ အခုထိတော့ အချက်အလက်တွေအရ အသေခံဗုံးခွဲသူတစ်ဦးက ဖောက်ခွဲခဲ့တာ” ဟု ရဲအရာရှိ မိုဟာမက်အလီက ပြောသည်။
လုံခြုံရေးစစ်သား ၆ ဦးနှင့် အရပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦးရှိကြောင်း မိုဟာမက်အလီက အေအက်ဖ်ပီ သတင်းဌာနသို့ပြောခဲ့သည်။
မိုဂါဒစ်ရှူးမြို့မှ နောက်ထပ် ရဲအရာရှိတစ်ဦးဖြစ်သူ ဒါဒါးဟာစန်ကတော့ သေဆုံးသူ စုစုပေါင်း ၁၁ ဦးရှိကြောင်း အနာဒိုလူ သတင်းအေဂျင်စီသို့ တယ်လီဖုန်းဖြင့် အတည်ပြုပြောခဲ့သည်။ အဆိုပါ အသေခံဗုံးခွဲသူသည် မိုဂါဒစ်ရှူးမြို့၊ စစ်အခြေစိုက် စခန်းအနီးရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။
ရဲအရာရှိ ဒါဒါးဟာစန်က “ကနဦး စုံစမ်းစစ်ဆေးချက်တွေအရတော့ ဒီတိုက်ခိုက်မှုဟာ စစ်သားတွေနဲ့အရပ်သား တွေ မကြာခဏ ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲ သူ့ကိုယ်သူ အသေခံ ဗုံးခွဲသူရဲ့ လက်ချက်ကြောင့်လို့ အတည်ပြု နိုင်ခဲ့ပါတယ်။ စစ်သားတွေ အပါအဝင် အနည်းဆုံး လူ ၁၁ ယောက်သေပါတယ်။ ဒဏ်ရာရသူအများအပြား ရှိပါတယ်” ဟု ပြောသည်။
ဆိုမာလီဖက်ဒရယ်အစိုးရကို ဖြုတ်ချရန် တိုက်ပွဲဝင်နေသော အယ်လ်ရှာဘတ် လက်နက်ကိုင်အဖွဲ့က ယခုဗုံးခွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်။ ၎င်းအဖွဲ့သည် အယ်လ်ကိုင်းဒါးနှင့် ဆက်စပ်နေသည်။
“ပေါက်ကွဲပြီး မိနစ်ပိုင်းလောက်မှာ ကျနော် အဲဒီနေရာ ဖြတ်သွားမိတယ်။ အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံး သေဆုံးသူတွေရဲ့ ဖိနပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတယ်” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကူဒေါယူဆွတ်က အေအက်ဖ်ပီသို့ ပြောသည်။
ယင်းသို့ အဖြူအမည်း မခွဲခြားဘဲ တိုက်ခိုက်မှုကို ဆိုမာလီယာဝန်ကြီးချုပ် မိုဟာမက်ဟူစိန်ရိုဘယ်က အပြင်းအထန် ရှုတ်ချခဲ့သည်။
“ဒီလို ဆိုးရွားတဲ့လုပ်ရပ်ဟာ ဆိုမာလီယာလူမျိုးတွေအပေါ် မောင်ဖြူ၊ မောင်မည်းမခွဲခြားဘဲ သွေးဆာနေတဲ့ပုံ ပြသရာ ရောက်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။