CNI International News
နီရာမေး၊ စက်တင်ဘာ ၁၅
မာလီနိုင်ငံ၊ ဘာကီနာဖာဆိုနိုင်ငံတို့နှင့် ထိစပ်နေသော နိုက်ဂျားနိုင်ငံအနောက်ပိုင်း တီလာဘာရီဒေသတွင် ဖြစ်ပွားနေခဲ့သော ပဋိပက္ခများကြောင့် နိုက်ဂျားကလေးသူငယ်များ သတ်ဖြတ်ခံရခြင်းနှင့် ပြန်ပေးဆွဲ လူသစ် စုဆောင်းခံရခြင်းတို့အခြေအနေ သိသိသာသာ ပိုမိုဆိုးရွားလာခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က စက်တင်ဘာ ၁၃ ရက် ထုတ်ဖော်ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်အရ သိရသည်။
“နိုက်ဂျားနိုင်ငံဟာ အန္တရာယ်များလှတဲ့ ချောက်ကမ်းပါးတစ်ခုပေါ် ရောက်နေပါပြီ။ နိုင်ငံရဲ့အစိတ်အပိုင်းအချို့မှာ မျိုးဆက်ပေါင်း ၅ ဆက်ဟာ သတ်ဖြတ်ခြင်းနဲ့ဖျက်ဆီးခံရခြင်းတို့ ရင်ဝယ်ပိုက်ပြီး အရွယ်ရောက်လာကြရပါတယ်” ဟု နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း(Amesty International) မှ အကြီးတန်းအကြံပေး မတ်ဝဲလ်စ် (Matt Wells) ၏ ၅၁ မျက်နှာပါ အစီရင်ခံစာမှာ ဆိုထားသည်။
“နိုက်ဂျားအစိုးရနဲ့ သူတို့ရဲ့နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေဟာ တီလာဘာရီဒေသတစ်ဝိုက် နောက်ထပ်ချိုးဖောက်မှု တွေကို စောင့်ကြည့်ကာကွယ်ဖို့နဲ့ အသေအပျောက်ရှိစေနိုင်တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူတွေ အားလုံးရဲ့အခွင့်အရေးတွေ စောင့်ရှောက်ဖို့ အရေးတကြီးလုပ်ဆောင်ရမှာဖြစ်တယ်” ဟု အဆိုပါအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
လန်ဒန်အခြေစိုက် ၎င်းလူ့အခွင့်အရေးအဖွဲ့သည် မဟာဆာဟာရ (ISGS) ရှိ အိုင်အက်စ်အဖွဲ့နှင့် အယ်လ်ကိုင်းဒါး တို့နှင့် ဆက်နွယ်သည့် ဂျာမက်နက်ရပ်အယ်အစ္စလာမ်ဝယ်မွတ်ဆလင်မင်(JNIM) တို့အနေဖြင့် ဆိုးရွားသည့် သက်ရောက်မှုများဖြစ်ပေါ်စေခဲ့ကြောင်း လန်ဒန်အခြေစိုက် ၎င်းလူ့အခွင့်အရေးအဖွဲ့က ဆိုထားသည်။
လက်နက်ကိုင်ပဋိပက္ခများ တည်နေရာနှင့် ဖြစ်စဉ်အချက်အလက်စီမံကိန်းအရ နိုက်ဂျားနိုင်ငံအတွင်း အရပ်သားများအပေါ် အကြမ်းဖက်မှုများကြောင့် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ အမှုပေါင်း ၅၄၄ မှုဖြစ်ပွားခဲ့ပြီး ယမန်နှစ် ၂၀၂၀ ကလည်း အလားတူဖြစ်စဉ်များအတွင်း လူ ၃၉၇ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်း(AI)က ၎င်းအစီရင်ခံစာထဲတွင် ဆက်လက်ဖော်ပြသည်။
ယခုနှစ်အတွင်း နိုက်ဂျား၊ မာလီနှင့် ဘာကီနာဖာဆို သုံးနိုင်ငံနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့များက ကလေး သူငယ် ၆၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုအများစုအတွက် ISGS အဖွဲ့တွင် တာဝန်ရှိကြောင်း AI အစီရင်ခံ၌ ထပ်လောင်းဖော်ပြထားသည်။
အဆိုပါ AI အဖွဲ့သည် အစီရင်ခံစာပြုစုရန်အတွက် ပဋိပက္ခဖြစ်ပွားရာ ကျေးလက်တောရွာများရှိ လက်နက်ကိုင် တိုက်ခိုက်မှုများမှ ခဲယဉ်းစွာလွတ်မြောက်လာသူ ယောက်ျားလေး ၁၆ ဦးနှင့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့အားလုံး သေနတ်သံကြားလိုက်တာနဲ့ လူသေ အတန်းလိုက် စီတန်းနေတာ မြင်ခဲ့ရပါတယ်” ဟု ဆယ်ကျော်သက်အရွယ်ယောက်ျားလေးတစ်ဦးက AI ကို ပြောကြားခဲ့သည်။
AI အဖွဲ့၏ဇွန်လအစီရင်ခံစာအရ ပဋိပက္ခများကြောင့် တီလာဘာရီဒေသရှိ အနည်းဆုံး စာသင်ကျောင်း ၃၇၇ ကျောင်းကို ပိတ်ပစ်ခဲ့ရသည့်အတွက် ကျောင်းသားပေါင်း ၃၁၇၀၀ ကျော်ကိုထိခိုက်စေခဲ့သည်။ ၂၀၂၀ ခုနှစ် နို၀င်ဘာလမှစ၍ စာသင်ကျောင်း ၁၀၀ ကျော်ပိတ်ပစ်ခဲ့ရကာ ကျောင်းထွက်ကျောင်းသား ၁၀၀၀၀ နီးပါး တိုးလာသည်။