ဂျေရုဆလင်၊ စက်တင်ဘာ ၁၅
ပြီးခဲ့သည့် ရက်သတ္တပတ်က အစ္စရေးအကျဉ်းထောင်ကို ဖောက်၍ ထွက်ပြေးခဲ့ကြသော ပါလက်စတိုင်း အကျဉ်းသားလေးဦးသည် နောက်ထပ်ထောင်ဒဏ်နှင့် ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ခံရဖွယ်ရှိနေသည်ဟု ရှေ့နေများက ပြောကြားကြောင်း အယ်လ်ဂျာဇီးယားက သတင်းရေးသားဖော်ပြသည်။
စက်တင်ဘာ ၁၁ ရက်က နာဇရက်မြို့ရှိ အစ္စရေးတရားရုံး၌ ၎င်းတို့ကို သီးခြားစီ ရုံးထုတ်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၉ ရက်အထိ ၎င်းတို့အားအချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင် ကော်မရှင်၏ အကျဉ်းသားရေးရာဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၆ ရက် နံနက်အရုဏ်တက်ချိန်၌ အစ္စရေးနိုင်ငံ၊ ဂယ်ဘိုအာအကျဉ်းထောင်ထဲမှ မြေအောက်ဥမင် လိုဏ်ခေါင်းဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့ကြသူများမှာ ပါလက်စတိုင်းအကျဉ်းသား အသက် ၃၅ နှစ်ရှိ အာဟန်နရစ်ကမန်ဂျီနှင့် အသက် ၂၆ နှစ်ရှိ မူနာဒယ်အစ်ဖက်တို့အပါအဝင် စုစုပေါင်း ၆ ဦးဖြစ်ကြသည်။
ထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သူများထဲမှ အသက် ၄၆ နှစ်ရှိ မာမွတ် အဗ္ဗဒူလာအယ်လ်အာဒစ်နှင့် အသက် ၄၉ နှစ်ရှိ ယာကွပ်မာမွတ်တို့ကို နာဇရက်မြို့တောင်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်း စက်တင်ဘာ ၁၀ ရက် ညနေပိုင်း၌ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ကြေညာခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းတွင် အသက် ၄၆ နှစ်ရှိ ဇာကာရီးယားဇူဘိုင်းဒီနှင့် အသက် ၃၉ နှစ်ရှိ အယ်လ်အာဒစ်တို့ကို ပါလက်စတိုင်း ကျေးရွာတစ်ရွာ ဖြစ်သည့် ရှီဘလီအွန်းအယ်လ်ဂါနန်ရွာအနီးတွင် ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါအကျဉ်းသားများသည် ထောင်ကြမ်းပြင်ကို တူးဆွ၍ လူတစ်ကိုယ်စာ ဥမင်လိုဏ်ခေါင်းငယ်ဖောက်ကာ အကျဉ်းထောင်ခြံစည်းရိုးအပြင်ဘက်သို့ လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ခဲ့ကြသည်။
ယင်းနောက် အစ္စရေးတပ်ဖွဲ့က ၎င်းတို့ ၆ ဦးကို ရှာဖွေရန် ကြိုးစားခဲ့ရာ ၅ ရက်အတွင်း ပထမအသုတ်အဖြစ် ၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
စက်တင်ဘာ ၁၁ ရက်က ရုံးထုတ်စစ်ဆေးကြားနာမှုတွင် ၎င်းအကျဉ်းသားများအပေါ် ကနဦး စွဲချက် ၄ ခု တင်ခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်ကော်မရှင်၏အဆိုအရ သိရသည်။ တိုက်ခိုက်ရန်ကြံစည်မှုစွပ်စွဲချက်ကို အစ္စရေးအာဏာပိုင်များဘက်မှ တင်ခြင်းအပေါ် အထောက်အထားအချက်အလက်များပေးရန် ပါလက်စတိုင်း ကော်မရှင်ကိုယ်စား အကျဉ်းသားများအတွက် ရှေ့နေလိုက်ပေးသူ ဥပဒေအကျိုးဆောင် ခါလက်မဟက်ဂျ်နက်က တုံ့ပြန်ငြင်းဆိုခဲ့သည်။
“သူတို့ကို ဒီစွဲချက်က ဘယ်အပေါ်အခြေခံသလဲလို့ တရားရုံးမှာ အမှုစစ်တဲ့အရာရှိကို ကျနော်မေးကြည့်တော့ ပြန်မဖြေဘူးဗျ။ အဲဒါက လျှို့ဝှက်ချက်တစ်ခုလို့ပဲ သူတို့ကပြောတယ်။ ဒီစွဲချက်က ဘယ်ကနေ ဘယ်လိုစခဲ့တာလဲ။ ဒါမှမဟုတ် ထောင်ဖောက်ပြေးတာနဲ့ ဘာဆိုင်လို့လဲမသိဘူး” ဟု ၎င်းရှေ့နေက အယ်လ်ဂျာဇီးယားသို့ ပြောသည်။
အဆိုပါအမှုစစ်ဆေးခြင်းသည် အနည်းဆုံးတစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ရှေ့နေ့က ဆက်လက်ရှင်းပြသည်။
တရားဝင်စွဲချက် မထွက်ပေါ်လာသေးသော်လည်း ၎င်းအကျဉ်းသားများသည် ကနဦးစွဲချက်များအရ ၎င်းတို့ ထောင်ဒဏ်များကို နောက်ထပ် ၄ နှစ်မှ ၅ နှစ်အထိ ကျခံနိုင်ဖွယ်ရှိကြောင်း သိရသည်။