CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲများနှင့် ပြတ်ပြတ် သားသား ရပ်တည်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ (စက်တင်ဘာ ၁၅ ရက်)ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သည်။ ထိုနေ့တွင် ဒီမိုကရေစီ ထွန်းကားရေး ပြင်သစ် သံရုံးက ထုတ်ပြန်ရင် အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

ပြင်သစ်သံရုံးက “ယနေ့သည် လူထု၏ ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့်လူမှု ဖွံ့ဖြိုးတိုး တက်ရေး တို့ကို အာမခံသော ဒီမိုကရေစီ၏ တန်ဖိုးများကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံ အတည် ပြုရန် အခွင့်အလမ်းပင် ဖြစ်ပါ သည်”ဟု ဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည် ထူထောင်ရေးကို ပြင်သစ်နိုင်ငံသည် တောင်းဆိုကြောင်း၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲများနှင့် ပြတ်ပြတ်သားသားရပ်တည်ပါသည်ဟုလည်း ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ထားသည်။

ပုံ- ၂၀၂၁ ခုနှစ်၊မတ်လက ပြင်သစ်သံရုံးရှေ့မှာ စစ်တပ်ကိုဆန္ဒပြနေသည့် မြန်မာနိုင်ငံသားများကိုတွေ့နေသည့်  ပြင်သစ်သံအမတ်(ပြင်သစ်သံရုံး- ဖေ့စ်ဘွတ်ခ်)

တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အစိုးရမှ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည့်အတွက် NLD အစိုးရကို ဖြုတ်ချ၍ အာဏာရယူလိုက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး တာဝန်ကို ဆောင်ရွက်နေပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)အား အသစ်ပြန်လည် ဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုလည်း လက်ရှိဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်(UEC)က ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၇ ရက်က ကြေညာခဲ့သည်။