CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅


ယနေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သော်လည်း မြန်မာနိုင်ငံပြည်သူများသည် ရရှိခံစားခွင့် မရှိဘဲ လွတ်လပ် မှု မရှိသည့်နေ့ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့သည်။


စက်တင်ဘာ ၁၅ ရက်သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သည်။ထိုနေ့တွင် နော်ဝေသံရုံးက အထက်ပါအတိုင်း ထုတ်ပြန် ပြောလိုက်ခြင်းဖြစ်သည်။


နော်ဝေသံရုံးက “ယနေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဆိုလျှင် ဤနေ့ရက်သည် ပြည်သူများ လက်ရှိအချိန်၌ ရရှိခံစားခွင့်မရနိုင်သည့် အခွင့်အရေးများနှင့် လွတ်လပ်မှုများ ရှိနေကြောင်း ပြက်ပြက်ထင် ထင် အမှတ်ရစေသည့်နေ့ဖြစ်ပါသည်”ဟု ဆိုသည်။


ထို့နောက် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီပေးရေးသည် နော်ဝေနိုင်ငံ၏ ပါဝင် ဆောင်ရွက်မှုကဏ္ဍ၌ အမြဲတစေ အခြေခံအုတ်မြစ်ဖြစ်ပါသည်ဟုလည်း နော်ဝေသံရုံးက ဆိုသည်။

ပုံ-နော်ဝေသံရုံး၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်(နော်ဝေသံရုံးဖေ့စ်ဘွတ်ခ်)

နော်ဝေသံရုံးက “ နိုင်ငံအများအပြား ကြုံတွေ့ဖူးကြသည့်အတိုင်း ဒီမိုကရေစီသည် ပန်းတိုင် တစ်ခုဖြစ်သလို ကာလရှည် ဖြတ်သန်းရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်၊ နော်ဝေနိုင်ငံအနေဖြင့်လည်း မြန်မာပြည်သူ ပြည်သူများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးရှည်ကြီးကို ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်”ဟု ဆိုသည်။


မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲရလဒ် အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တောင်းဆိုမှုအား ပယ်ချခဲ့ပြီး အစိုးရသစ်ဖွဲ့စည်းရေးပြင်ဆင်ခဲ့သည် ဟုဆိုကာ အာဏာရယူလိုက်သည်။


ထို့နောက် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြန်မာနိုင်ငံတစ်ဝန်း ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင် တိုက်ခိုက် တော်လှန်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ စစ်တပ်ဆန့်ကျင်ရေးဆောင်ရွက်လျက်ရှိသည်။


အဆိုပါ အခြေအနေကို နိုင်ငံတကာက တွေ့ဆုံ ဆွေးနွေးဖြေရှင်းကြရန် တောင်းဆိုနေသော်လည်း နှစ်ဖက်စလုံးက လက်ခံ ခြင်းမရှိပေ။