၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (Proportional Representation - PR)အား ကျင့်သုံးမည်ဆို လျှင် ပြည်နယ်များ၌ ထူးခြားမှုမရှိဘဲ ပြည်ထောင်စုအနေဖြင့်သာ အကျိုးခံစားခွင့် သက်ရောက်မှုရှိနိုင်သည့်အတွက် တိုင်းရင်းသားများအတွက် နစ်နာနိုင်သည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က Proportional Representation - PR (အချိုးကျပုံကိုယ်စားပြုသည့်စနစ်)သာ လုပ်မယ်ဆိုပါက အကျိုးကျေးဇူး ဖြစ်ထွန်းလာမည်ဟု မမြင် ဘူးဟု CNI သို့ ပြောသည်။

ဉီးထွန်းအောင်ကျော်က “အခုက များသောအားဖြင့် နိုင်ငံရေးပါတီတွေက တစ်ယောက်ကလုပ်ရင် တစ်ယောက်က အတိုက် အခံ လုပ်ချင်တဲ့ ပုံစံတွေ ရှိနေတယ်။ လူဦးရေနည်းတဲ့ လွှတ်တော်တစ်ခုမှာ အဲလို အချိုးကျတက်လာပြီးတော့မှ အတိုက် အခံတွေများ နေမယ်ဆိုလို့ရှိ ရင် တိုင်းရင်းသားပါတီတွေအတွက် သိပ်အကျိုးမရှိနိုင်ဘူး။ ဒါပေမယ့် ဗမာတစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ လွှတ်တော် ခေါ်တဲ့ အခါကျတော့ Check and Balance လုပ်နိုင်တဲ့ အခြေအနေမြင်တယ်။ တိုင်းနဲ့ပြည်နယ် တွေမှာ Proportional Representation - PR (အချိုးကျပုံကိုယ်စားပြုသည့်စနစ်)သာ လုပ်မယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ ထူးခြားမယ်မထင်ဘူး။ သိပ်ပြီးတော့ ရာနှုန်းပြည့် အကျိုးကျေးဇူး ဖြစ်ထွန်းလာမယ်လို့တော့ ကျနော်တို့မမြင်ဘူး” ဟု ပြော သည်။

PR စနစ်အား ပြည်ထောင်စုလွှတ်တော်အတွက် ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲအတွက်သာ လုပ်ဆောင်သင့်ပြီး ပြည်နယ် လွှတ်တော်များအတွက် လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုံး ကိုယ်စားလှယ် အနိုင်ရစနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့် ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုံးကိုယ်စားလှယ် အနိုင်ရစနစ် (FPTP) သည် မဲဆန္ဒနယ်တစ်ခုတွင် လူထု၏ မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် ကိုယ်စားလှယ်ပေါ် မူတည်ကာ နိုင်ငံရေးပါတီများ၏ အနိုင်ရရှိမှု ရာခိုင်နှုန်းပေါ်မူတည်ကာ လွှတ်တော်တွင်း ကိုယ်စားလှယ် ရရှိမည့် စနစ်ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုံးကိုယ်စားလှယ် အနိုင်ရစနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR)အား ပြောင်းလဲကျင့်သုံးသင့်ကြောင်း အဆိုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီ ၅၀ ကျော် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှုတွင် ပါတီအချို့က တင်ပြခဲ့ကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က PR စနစ်သည် အချို့ပြည်နယ်များတွင် အကျိုး ရှိနိုင်သကဲ့သို့ အချို့ပြည်နယ်များအတွက် အကျိုးယုတ်နိုင်ကြောင်း၊ PR စနစ် လုပ်ဆောင်ရန်မှာ ခက်ခဲကြောင်းနှင့် စိတ်ကူး ယဉ်အဆင့်သာဖြစ်ကြောင်း ပြောသည်။

SNLD ပါတီ၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က “PR စနစ်က မဖြစ်နိုင်ဘူးလေ။ လုပ်ချင်တာကတော့ လုပ်ချင်တဲ့ဆန္ဒပေါ့။ ဒါပေမယ့် ဖြစ်ဖို့က ခက်တယ်။
အခြေခံဥပဒေပြင်မှရမှာ။ ကျနော်တို့က ဒီအခြေခံဥပဒေပြင်ပြီးမှပဲ ဒီကိစ္စကို စဉ်းစားမှာပါ။ အခုက တော့ စဉ်းစားလည်း အပိုပဲလေ။ အခြေခံဥပဒေ ရှိနေသေးသရွေ့ကတော့ မရဘူး။ အခြေခံဥပဒေမရှိဘူး။ နောက် အသစ်ရေး တဲ့ အခါမှာတော့ အဲဒါနဲ့ကိုက်ညီတဲ့ဟာမျိုး ရေးမှရမှာပေါ့။ အခုက အခြေခံဥပဒေကို NUG က ဖျက်ပစ်လိုက်ပြီ။ စစ်ကောင် စီ ကတော့ ရှိနေတုန်းပဲ။ ကျင့်သုံးနေတုန်းပဲဆိုတော့။ အခုက နည်းနည်းရှုပ်ထွေးမှု ရှိတာပေါ့။ ဘယ်ဟာမှန်လဲ မသိသေးဘူး ပေါ့ ။ PR ကတော့ ရောထွေးလောက်တယ်။ တစ်စိတ်တစ်ပိုင်းလောက်တော့ လိုတဲ့နေရာတွေမှာ သုံးတာ။ အားလုံး PR ချည်း ပဲတော့ မလုပ်ပါဘူး။ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး ” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၈ ရက်တွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှင့်ပတ်သက်၍ လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ ပေးပို့နိုင်ကြောင်း နိုင်ငံရေး ပါတီများထံ စာပို့ အကြောင်းကြားခဲ့သည်။

ထို အကြောင်းကြားစာတွင် PR စနစ်ကို မည်သည့်အချိန်၊ မည်သည့်လွှတ်တော်တွင် စတင်အသုံးပြုသင့်ကြောင်း အကြံပြု ချက်များ ပေးပို့ရန်ဟု ဖော်ပြပါရှိပြီး ယင်းသို့တောင်းဆိုရခြင်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ဆွေးနွေးပွဲတွင် ပါတီအချို့က PR စနစ် ပြောင်းလဲကျင့်သုံးရန် တင်ပြခြင်းကြောင့်ဟု တစ်ဆက်တည်း ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်နေ့က ပြုလုပ်သည့် ကောင်စီအစည်းအဝေးတွင် အားလုံး ပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် PR စနစကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အတိအလင်း ပြောကြားခဲ့သည်။