CNI International News

မက်ဒရစ်၊ ဒီဇင်ဘာ ၂

မက်ဒရစ်မြို့ရှိ အမေရိကန်သံရုံးသို့ စာအိတ်ဗုံးတစ်လုံး ရောက်ရှိလာခဲ့ကြောင်း Aljazeera သတင်းတွင် ဖော်ပြ သည်။

ထို့နောက် အမေရိကန်သံရုံး၊ ယူကရိန်းသံရုံး အပါအဝင် စပိန်နိုင်ငံရှိ နေရာ ၆ နေရာသို့ အလားတူ ဗုံး ၆ လုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မက်ဒရစ်မြို့ရှိ အမေရိကန်သံရုံးသို့ သံသယရှိဖွယ် အထုပ်တစ်ထုပ် ရောက်ရှိလာခဲ့သည်ကို အတည်ပြုနိုင်ပြီး စပိန်နိုင်ငံရှိ အခြားနေရာများသို့ တခြားအထုပ်များ ရောက်ရှိခဲ့သည်ဆိုသော သတင်းများလည်း သတိပြုမိသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

အမေရိကန်သံရုံးသည် မက်ဒရစ်မြို့လယ်တွင် တည်ရှိပြီး အထက်ပါ ဖြစ်ရပ်ကြောင့် သံရုံး၏ အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ထားခဲ့ရသည်။ ယခုဖြစ်ရပ်တွင် ပူးပေါင်းကူညီပေးမှုအတွက် စပိန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင် ကြောင်း အမေရိကန်သံရုံးက ပြောသည်။

စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ် (GETTY IMAGES)

မက်ဒရစ်မြို့ရှိ သံရုံး ၂ ခု အပြင်၊ လက်နက်စက် ရုံ ၁ ခုနှင့် တခြားအစိုးရ အဖွဲ့အစည်း နေရာ ၃ ခုသို့ စာအိတ်ထုပ် များ ရောက်ရှိခဲ့ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီး ရာဖေးလ် ပီရတ်ဇ်(Rafael Perez )က ပြောသည်။

အဆိုပါ အထုပ်များကို စပိန်နိုင်ငံတွင်းမှပင် ပို့ဆောင်ခဲ့သည်ဟု ယူဆရကြောင်းနှင့် ယခုဖြစ်ရပ်အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ မလုပ်ဆောင်ရသေးကြောင်း ၎င်းက ပြောသည်။

စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်(Pedro Sanchez) ကို လိပ်မူထားသည့် ပေါက်ကွဲ လောင်ကျွမ်းစေ တတ်သော အထုတ်တစ်ထုပ်ကို နိုဝင်ဘာ ၂၄ ရက်က ရရှိခဲ့ပြီး ထိုအထုပ်ကို လုံခြုံရေးအဖွဲ့က ဖောက်ခွဲ ဖျက်စီးခဲ့ရသည်။

အလားတူ အထုပ်တစ်ထုပ်သည် ဗုဒ္ဓဟူးနေ့တွင်လည်း ယူကရိန်းသံရုံးသို့ ရောက်ရှိလာခဲ့ပြီး သံအမတ် ဆာဟီ ပိုဟိုရတ်ဆတ်ဗ် (Serhii Pohoreltsev) ထံ လိပ်မူထားကြောင်း၊ ထိုအထုပ်ကို လုံခြုံရေတပ်ဖွဲ့ဝင်တစ်ဦးက ကြည့်ရှု စစ်ဆေးစဉ် ပေါက်ကွဲခဲ့ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးက ပြောသည်။

သံရုံး ၂ ရုံးအပြင် စပိန်အရှေ့မြောက်ပိုင်း ဇာရာဂိုဇာ(Zaragoza)ရှိ အင်စတယ်လာဇာ(Instalaza) လက်နက်စက်ရုံ သို့လည်း ဗုဒ္ဓဟူးနေ့ညက အထုပ်တစ်ထုပ် ရောက်ရှိလာခဲ့သေးသည်။

စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘလက်စ် (GETTY IMAGES)

အင်စတယ်လာဇာ (Instalaza) လက်နက်စက်ရုံသည် စပိန်အစိုးရမှ ယူကရိန်းကို ထောက်ပံ့ပေးနေသည့် စီ ၉၀ (C90) ဒုံးကျည်လောင်ချာများ ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ ထို့အပြင် မြို့တော်အနီးရှိ လေတပ်စခန်း တစ်ခုထဲ မှ ဥရောပသမဂ္ဂ(EU)၏ ဒုံးကျည်စင်တာသို့လည်း စာအိတ်တစ်ထုပ် ရောက်ရှိလာခဲ့သေးသည်။

အဆိုပါ စင်တာသည် ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဒါဝများကို ထောက်ပံ့ပေးသည့် နေရာ တစ်ခု ဖြစ်သည်။

နောက် ဗုံးတစ်လုံးမှာ စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာ ရိုဘလက်စ် (Margarita Robles)ကို လိပ်မူထားပြီး စပိန်ကာကွယ်ရေးဝန်ကြီးဌာနသို့ အင်္ဂါနေ့ မနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။

စပိန်နိုင်ငံသည် ယူကရိန်းအား ရုရှား၏ကျူးကျော်စစ် စတင်ချိန်ကတည်းက ယူကရိန်းကို စစ်ဘက်ဆိုင်ရာနှင့် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီများ ပေးခဲ့သည့် နိုင်ငံတစ်ခုဖြစ်ကာ ယခုဖြစ်ရပ်များကြောင့် ယူကရိန်းနှင့်ပတ်သတ်သည့် စပိန်ုနိုင်ငံ၏ ရပ်တည်ချက်များ ပြောင်းလဲသွားရန် မရှိဟုလည်း ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

ယခု ဖြစ်ရပ်များနှင့်ပတ်သတ်၍ စပိန်ရှိ ရုရှားသံရုံးကလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Source: Al Jazeera