CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

နိုင်ငံရေးမှ တပ်မတော်စွန့်ခွာရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းခြင်းကို လက်ခံရေး အပါအဝင် အချက် (၅) ချက်အား လက်ခံပါက နစကနှင့် ဆွေး‌နွေးကောင်း ဆွေးနွေးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

ရိုက်တာသတင်းဌာနက ကျင်းပသည့် Reuters Next အွန်လိုင်း ညီလာခံတွင် ပါဝင် ဆွေးနွေးခဲ့သော NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချက် ၅ ချက်မှာ ပြည်သူလူထုကို သတ်ဖြတ်နေမှုအား ချက်ခြင်းရပ်ရန်၊ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ လုံးဝ စွန့်ခွာမည်ကို အာမခံရန်၊ နိုင်ငံတကာ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို မနှောင့်ယှက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းရေး လက်ခံရန်နှင့် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်မှု လုပ်ရန် တို့ ဖြစ်သည်။

Reuters Next အွန်လိုင်း ညီလာခံကို ဒူဝါလရှီးလ ပါ၀င်ခဲ့စဉ်  

လက်ရှိ အနေအထားအရ တပ်မတော်မှ နိုင်ငံရေးက စွန့်ခွာရန် မဖြစ်နိုင်‌သေးကြောင်း၊ သို့သော်လည်း ယခင် ကတည်းက နိုင်ငံရေးမှ စွန့်ခွာရန် ပြောကြားထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ် အခြေအနေမှာက မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ တပ်မတော်က နိုင်ငံရေးက စွန့်ခွာမယ် ဆိုတာကတော့ သူက အစောကတည်းကလည်း ပြောထားပြီးသားပေါ့နော်၊ ပြောထားပြီးသား ဒါပေမဲ့ ခြွင်းချက် ကတော့ နိုင်ငံက ခုနပြောတဲ့ မပြိုကွဲတော့ဘူးဆိုတဲ့ အာမခံချက်၊ မပြိုကွဲနိုင်တော့ဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလည်း ကောင်းပြီးတဲ့ အခါကြတော့ အားလုံး တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း တစ်စု တစ်စည်းတည်း အဲဒီလို ပြည်ထောင်စု တပ်မတော်အဖြစ် ဖြစ်သွားပြီဆိုတဲ့ အချိန်မှာ သူတို့စွန့်ခွာမယ်ဆိုတာ ပြောထားပြီးသားလေ၊ ဆိုတော့ အခုလို အခြေအနေမျိုးမှာတော့ မဖြစ်နိုင်ဘူးပေါ့နော်၊ သူတို့လည်း အဲဒါကို သဘောတူမှာ မဟုတ်ပါဘူး”ဟု ပြောသည်။
ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ဖျက်သိမ်းလိုက်ပါက တပ်မတော်မှ တောက်လျှောက်အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ရန် မည်မျှအချိန်ကြာမည်ကို မသိနိုင်ကြောင်း ၎င်းက ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ တောင်းဆိုချက်ကို တပ်မတော်အနေဖြင့် လိုက်လျောစရာ မရှိသည့်အတွက် ဆွေးနွေးရေးလမ်းကြောင်းမှာ ဖြစ်ပေါ်လာရန် မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကိုတွေ့ရစဉ် 

၎င်းက “အဲဒါက ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ ကိစ္စက၊ ကိုယ့်ဖက်က ကိုယ်လိုချင်တာတွေကို တောင်းဆိုတာ ကို အဲဒီတော့ ဒါပေမဲ့ အဲဒါတွေက စစ်ကောင်စီက လက်ခံလာနိုင်မယ့် အခြေအနေ မရှိမှတော့ ဒီတောင်းဆိုမှုတွေ ကလည်း တကယ် အကောင်အထည် ရှိလာစရာ အကြောင်းမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပစ်ဖို့ နောက် စစ်တပ်က နိုင်ငံရေးကနေပြီးတော့ ဆုတ်ခွာပေးဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို ရှင်သန်ဖို့အတွက် ကြိုးစားနေတဲ့ အင်အားစုတွေက ဘယ်တော့မှ လိုက်လျောမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီအခြေခံအပေါ်မှာ လိုက်လျောပြီးတော့ ဆွေးနွေးပွဲတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များ၊ လွှတ်‌တော်အမတ်များဖြင့် စုစည်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် နစကနှင့် NUG တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သံတမန်ရေးရာများတွင် အားပြိုင် လျက်ရှိသည်။