CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂

အမေရိကန်မှ ထောက်ပံ့ပေးထားသော Radio Free Europe ၏ ရေဒီယိုလိုင်းတစ်ခုကို တာလီဘန်များက ဒီဇင်ဘာ ၁ ရက်တွင် လေလှိုင်း ပေါ်မှ ဖယ်ရှားခဲ့ကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံ၏ အစ္စလာမ္မစ်ဥပဒေများနှင့် ညီညွတ်မှု မရှိခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း တာလီဘန်များက ပြောသည်။

အဇာဒီ (Azadi)ဟု ခေါ်သော လွတ်မြောက်မှုဆိုသော အဓိပ္ပါယ်ရသည့် ရေဒီယိုလိုင်းသည် ဒါရီ (Dari) ၊ ပတ်ရှ်တို ( Pashto) စသည့် ဘာသာစကားများနှင့် ထုတ်လွှင့်လျက်ရှိသော ရေဒီယိုလှိုင်းဖြစ်သည်။ အဆိုပါ ရေဒီယိုလှိုင်းကို တာလီဘန်တို့ အာဖဂန်နစ္စတန်အား သိမ်းယူ လိုက်ချိန်မှစ၍ ကျောင်းတက်ရန် ပိတ်ပင်ခံထားရသော မိန်းကလေး များအတွက် ပညာရေးဆိုင်ရာ အစီစဉ်များအား ထောက်ပံ့ပေးခဲ့သည်။

 တာလီဘန်သတင်း ထုတ်ပြန်ရေးဌာန၏  အရာရှိတစ်ဦးဖြစ်သူ အဗ္ဗဒဲလ်ဟက်ဟားမတ်ကိုတွေ့ရစဉ် (FB)

အဇာဒီလိုင်းသည် သတင်းပညာရပ်ဆိုင်ရာ စည်းကပ်ချက်များနှင့် မကိုက်ညီသည့်အပြင် တစ်ဖက်သတ် ထုတ်လွှင့်မှုများကြောင့် လေလှိုင်းပေါ်မှ ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်ဟု တာလီဘန်သတင်း ထုတ်ပြန်ရေးဌာန၏ အရာရှိတစ်ဦးဖြစ်သူ အဗ္ဗဒဲလ်ဟက်ဟားမတ် (Abdul Haq Hammad)က ပြောသည်။

အဇာဒီလိုင်းကို အမေရိကန်ဘက်မှ ထောက်ပံ့ပေးထားသည့် Radio Free Europe/Radio Liberty အဖွဲ့က ထုတ်လွှင့်သည်။ အဇာဒီလိုင်း ဖြုတ်ချခံရမှုကို Radio Free Europe အဖွဲ့မှ အတည်ပြုပေးခဲ့ပြီး တခြားသော ပုံစံမျိုးဖြင့် အာဖဂန်ပြည်သူများ ဖမ်းယူရရှိနိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း ၎င်းတို့က ပြောသည်။

အဇာဒီလိုင်းကို အာဖဂန်ပြည်သူ သန်းပေါင်းများစွာက နားဆင်ကြသောကြောင့် တာလီဘန်များ၏ ဆုံးဖြတ် ချက်မှာ စိတ်ပျက်စရာဖြစ်သည်ဟု Radio Free Europe/Radio Liberty အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဂျင်မီဖလိုင်းက ပြောသည်။

Radio Free Europe/Radio Liberty အဖွဲ့ ၏ ဥက္ကဌဖြစ်သူ ဂျင်မီ ဖလိုင်းကို တွေ့ရစဉ် (GETTY IMAGES)

ဆက်လက် ထုတ်လွှင့်ခွင့် ရရေးအတွက် တာလီဘန်များ၏ တောင်းဆိုမှုများအတိုင်း လိုက်နာဆောင်ရွက်သွား မည် မဟုတ်ကြောင်းနှင့် အာဖဂန်နိုင်ငံတွင်းမှ နားဆင်သူများသည် ၎င်းတို့ ရေဒီယိုလိုင်းကို တခြားနည်လမ်း များဖြင့် ဆက်လက် ရှာဖွေနေမည်ဟုလည်း ယုံကြည်ကြောင်း ဖလိုင်းက ဆက်လက် ပြောခဲ့သည်။

စစ်တမ်းတစ်ခုအရ အာဖဂန် ပြည်သူတစ်ဝက်ခန့်က အဇာဒီရေဒီယိုလိုင်းကို အပတ်စဉ် နားဆင်ကြသည်။

အဇာဒီရေဒီယိုလိုင်းကို အမေရိကန်တို့က တာလီဘန်များကို ဖယ်ရှားခဲ့ပြီးချိန်မှ စတင်ခဲ့ခြင်းဖြစ်ကာ တာလီဘန်များ ပြန်လည်အာဏာရရှိ လာချိန်တွင် ၎င်းတို့၏ရုံးကို ပိတ်ခဲ့ရသည်။

အဇာဒီလိုင်းသည် အာဖဂန် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ရသော်လည်း နိုင်ငံပြင်ပမှတစ်ဆင့် အသက် ၇ နှစ်မှ ၁၂ နှစ် ကြား မိန်းမလေးများအတွက် အစီစဉ်များအပြင် တာလီဘန်တို့ လက်ထက်တွင်း တင်းကြပ်စွာ နေထိုင်နေရသော အမျိုးသမီးများ၊ မိန်းကလေးများနှင့် LGBTQ အသိုက်အဝန်းတို့၏ အခြေအနေများကို ဆက်လက် ထုတ်လွှင့်နေဆဲ ဖြစ်သည်။

Source: CNA