CNI News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၇


မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖောင်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက တွေ့ဆုံဆွေးနွေးကြရန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Mr.Pete Vowles က သူ၏ လူမှုကွန်ယက်တွတ်စ်တာကနေ ရေးသား တိုက်တွန်းခဲ့သည်။


NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံတစ်ဝန်းလုံးကို အရေးပေါ် အခြေအနေသတ်မှတ်ကြောင်းနှင့် စစ်တပ်ကို တွန်းလှန် တိုက်ခိုက်ကြရန် မိန့်ခွန်းပြောကာ ကြေညာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Mr.Pete Vowles က ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကိုသာ ထောက်ခံပြီး ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Mr.Pete Vowles က “ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး အတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ယူကေအစိုးရက ထောက်ခံပါတယ်။ စစ်အာဏာသိမ်းမှုနှင့်လူမဆန်သော လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပါတယ်။ သက်ဆိုင်ရာ အဖွဲ့ အစည်းများအားလုံးက တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ကြရန် မိမိတို့ တိုက်တွန်းပါတယ်”ဟု ဆိုသည်။

ပုံ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကိုတွေ့ရစဉ်

ထို့နောက် နောက်ထပ် ပဋိပက္ခများသည် ထိခိုက်လွယ်သူများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ် ထိခိုက်နစ်နာစေပါလိမ့်မည်ဟု ၎င်းက ဆိုသည်။


ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ဆန့်ကျင် ဆန္ဒပြမှုများ ဖြင့် ရင်ဆိုင်ခဲ့ကြရသည်။အဆိုပါ ဆန္ဒပြမှုများကို ဖြိုခွင်းရာမှာ သေကျေပျက်စီးမှုများရှိခဲ့ကာ စစ်တပ်ကို လက်နက်ကိုင်၍ တော်လှန်မှရမည်ဟု အများစုက ယုံကြည်ကာ တိုင်းရင်းသား လက်နက်ကိုင်ဒေသများသို့ ထွက်ခွာကာ စစ်သင်တန်းများ တက်ရောက် သင်ကြားလျက်ရှိကြသည်။


ထို့နောက် NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ဒေသခံ PDF များကို ဖွဲ့စည်း၍ စစ်တပ်ကို တိုက်ခိုက်ကာ အာဏာပြန်လည် ရယူရေး ကြိုးပမ်းလျက်ရှိရာ စက်တင်ဘာ ၇ ရက်နေ့မှာ တော့ D Day အဖြစ် ကြေညာခဲ့သည်။


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး မြန်မာ့နိုင်ငံရေး ကို တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

ပုံ-PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကိုတွေ့ရစဉ်(NCA-S EAO/fb)

PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက “PPST အနေနဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ရာမှာ NCA ရဲ့ အနှစ်သာကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပ ခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုတာကို အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်”ဟု စက်တင်ဘာ ၇ ရက်နေ့ PPST အစည်းအဝေး မိန့်ခွန်းပြောစဉ် ထည့်ပြောသွားသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ရှေ့ဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ မိမိတစ်ဦးတည်း အမြင်အရ တိုက်ပွဲများ အဟုန်ထိုး ဖြစ်ပွားလာနိုင်ခြေမရှိဟုဆိုသည်။

 

ပုံ-ဗိုလ်မှူးကြီးခွန်ဥက္ကာကိုတွေ့ရစဉ်(NCA-S EAO/fb)

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်ထင်တာတော့ တဟုန်ထိုးကြီး ဖြစ်မယ့်ပုံမပေါ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အခု ပြည်တွင်းမှာ ပေါ်ပေါက်နေတဲ့ အဖွဲ့အစည်းလေးတွေ မှိုလိုပေါက်နေတယ်။ သုံးလေးယောက် တစ်ဖွဲ့၊ လူ တစ်ယောက်တ ည်း နှစ်ဖွဲ့ဖြစ် ချင်လည်း ဖြစ်မှာပေါ့ဗျာ။ ပုံစံအမျိုးမျိုးနဲ့ ပေါ်နေတော့ ဘယ်သူက ဘယ်သူမှန်း မသိဘူး။ အမိန့်ပေးဌာနက ဘယ်မှာလည်း မသိဘူး။ အမိန့်တစ်ခုပေးရုံနဲ့ ဘယ်သူက လိုက်လုပ်မှာလဲ။ လိုက်မလုပ်ဘူး။ ဘယ်သူကပါမလဲ မသိဘူး။ Control Center ပေါ့။ Commanding Center မရှိဘူးဆိုရင် Change of Commanding Center ပျောက်နိုင်တယ်။ ဒါကြောင့် Commanding မရှိဘူးဆိုရင် အရှိန်အဟုန်နဲ့ အခက်အခဲ ဖြစ်လာဖို့ အခက်အခဲဖြစ်လာမယ်”ဟု ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေရပြီး ယနေ့ (စက်တင်ဘာ ၇ ရက်)တွင် ကိုဗစ် လူနာသစ် ၂၄၃၁ ဦးတွေ့ရှိကာ ထပ်မံသေဆုံးသူ ၉၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


အလားတူ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်နေရသူ ၈၀၀၀၀၀(ရှစ်သိန်း)ဝန်းကျင် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။