CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇

လက်ရှိ အာဏာရယူထားသည့် စစ်တပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU)ကို ဖြိုခွဲရန် လုပ်ဆောင်နေသည် ဟု KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းက စက်တင်ဘာ ၅ ရက်တွင် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြောသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က KNU ကို ဖြိုခွဲရန် တပ်မတော်က စီစဉ်နေသည်ဆိုသော ပြောစကားသည် မှန်ကန်မှုရှိသလား၊ ခိုင်လုံမှုရှိသလားဟု မေးခွန်းထုတ်သည်။

တပ်မတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ လမ်းကောင်းမွန်‌ရေးအတွက် ကား လမ်းများ ပြုပြင်ခြင်း၊ ရိက္ခာပို့ဆောင်ခြင်း စသည့် အုပ်ချုပ်မှု လုပ်ငန်းများသာ လုပ်ဆောင်နေကြောင်း၊ KNLA တပ်မဟာ ၅ အဖွဲ့သည် သံလွင်မြစ်ဘေးရှိ အစွန်ကျပြီး အင်အားနည်းသော တပ်မတော်စခန်းအချို့ကို သာလွန် အင်အားဖြင့် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ဆိုသည်။

ထို့အပြင် KNLA တပ်မဟာ ၅ အနေဖြင့် စက်တင်ဘာ ၆ ရက်က ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် အသက် (၇၈)နှစ်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံ အဆောက်အဦ ပျက်စီးခဲ့သည်ဟု တပ်မတော် ဘက်မှ ဆိုသည်။

တပ်မတော်က “ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် KNU ကို ဖြိုခွဲဖို့ တပ်မတော်က စီစဉ်နေတယ်ဆိုသည့် ပြော စကားသည် မှန်ကန်မှုရှိသလား၊ ခိုင်လုံမှုရှိသလား၊ မည်သည့် ရည် ရွယ်ချက်ကြောင့် ယခုလို သတင်းလိမ် သတင်းမှားတွေကို ပြောင်ပြောင်တင်းတင်း ပြောနေကြသလဲဆိုတာ သုံးသပ်ကြည့်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုံ-KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းကိုတွေ့ရစဉ်။ ( KIC)

စစ်တပ်သည် KNU ကို ဖြိုခွဲရန် နည်းလမ်းပေါင်းစုံ ကျင့်သုံးနေခြင်းကြောင့် KNU ခေါင်းဆောင်များအနေဖြင့် နားလည်ထားရန် လိုအပ်သလို မာနယ်ပလောပြိုကွဲခဲ့သည့် ဖြစ်စဉ်ဖြင့် နှိုင်းယှဉ်၍ ပဒိုစောသမိန်ထွန်းက ပြောသည်။

ပဒိုစောသမိန်ထွန်းက “ဆန့်ကျင်ဘက်အုပ်စုက ကျနော်တို့ကို ဖြိုခွဲဖို့အတွက် လုပ်ဖို့အစီအစဉ်ရှိတယ်။ ဒါကို လည်း ကျနော်တို့ KNU အနေနဲ့ သတိထားဖို့က ၈၈၈၈ ကာလတုန်းက မာနယ်ပလောမှာ အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ ကျောင်းသား တပ်ဖွဲ့တွေ၊ ပြည်သူတွေ တစ်ပုံကြီးရှိတဲ့ အချိန်မှာ အဲတာကို တစ်ဘက်က ပြိုကွဲအောင် ဘာသာရေးနည်းနဲ့ ဖြိုခွဲ တာ။ အဲအချိန်တုန်းက နည်းနာတစ်ခု၊ အဲတာ ကျနော်တို့ ပြိုကွဲသွားတယ်။ ဒါကြောင့်မို့ လို့ ကျနော်တို့က မလေ့လာပဲနဲ့ KNU ခေါင်းဆောင်တွေကလည်း ဒါမျိုးကို ကောင်းကောင်းနားလည်ဖို့လိုတယ်” ဟု ပြောသည်။

KNU သည် ၁၉၄၇ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့သည့် ကရင်အဖွဲ့အစည်းဖြစ်ကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး၊ စစ်ရေးကို ဉီးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)မှာ KNU ၏ စစ်ရေး လက် အောက်ခံဖြစ်သည်။

ထို့နောက် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် KNU က ဒီမိုကရေစီအရေးလှုပ်ရှားသူများကို လက်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဉီး(ABSDF)ကို ထူထောင်ပေးခဲ့သည်။

သို့သော်လည်း ၁၉၉၄ ခုနှစ်အရောက်တွင် KNU ထဲမှာ သဘောထားကွဲလွဲမှုများဖြစ်လာကာ ဗိုလ်ချုပ်ကြီး စောလာပွယ် ဉီးဆောင်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ကို ဖွဲ့စည်းထူထောင် ပြီး ခွဲထွက်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်မှာတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဟု အမည် ပြောင်းလဲကာ ယနေ့အထိ ရပ်တည်လှုပ်ရှားလျက်ရှိသည်။

အလားတူ ၂၀၀၇ ခုနှစ်တုန်းကလည်း ဗိုလ်ချုပ်ကြီးစောထိန်မောင် (ခ) ဗိုလ်ချုပ်ကြီးစောဌေးမောင် ဉီးဆောင် သည့် KNLA တပ်မဟာ-၇ မှ ခွဲထွက်ကာ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA- PC)ကို ဖွဲ့စည်း၍ ယနေ့ထိ လှုပ်ရှားလျက်ရှိသည်။

အဆိုပါ DKBA၊ KNU/KNLA PC ခွဲထွက် အဖွဲ့များထဲမှ DKBA ကနေ ဗိုလ်မှူးကြီးစောချစ်သူ ဉီးဆောင်သည့် အဖွဲ့က ခွဲထွက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)အဖြစ် ယနေ့ထိ ရပ်တည်လှုပ်ရှားလျက်ရှိသည်။