CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇
အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာအာရီဝမ် ယူဆွတ်က မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန် (၄)လတာ အပစ်ရပ်ပေးရေး တောင်းဆိုမှုကို ကြိုဆိုပါကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။
PPST အစည်းအဝေး (၁၉/၂၀၂၁)ကို ကျင်းပခဲ့ရာမှာ နိုင်အောင်မင်းက အဖွင့် မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။
နိုင်အောင်မင်းက “မိမိတို့ လက်ရှိတိုင်းပြည် နိုင်ငံရေးအကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ဖို့ လေးလတာ အပစ်ရပ်ပေး ရေး အာဆီယံ အထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကို ကြိုဆိုပါတယ်။ ဤလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်ငန်းကို တတ်နိုင်သမျှ လက်တွဲကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြော ကြားလိုပါတယ်”ဟု ပြောသည်။
တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် ဖြစ်တည်လာသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးကြရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ် ယူဆွတ်က တောင်းဆိုထားသည်။
ထို့နောက် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် လူသားချင်းစာနာ ထောက်မှု အကူအညီများပေးနိုင်ရေး (၄)လ အပစ်ရပ်ကြေညာပေးရန် တောင်းဆိုခဲ့သည်ဟု စက်တင်ဘာ ၄ ရက်က ပြောခဲ့သည်။
PPST အနေနှင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော တူ စာချုပ်(NCA)၏ အနှစ်သာရကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည်ကို အတိအလင်း ထုတ်ပြန် ထားပြီ ဖြစ်ကြောင်းလည်း ဆိုသည်။
ပုံ- ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၇ က ကျင်းပသည့် PPST ကိုတွေ့ရစဉ်(NCA-S EAO)
နိုင်အောင်မင်းက “တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်အောင် NCA စာချုပ် အသိသက်သေ နိုင်ငံများနဲ့ အဖွဲ့ အစည်းများကို ကြား ဝင် စေ့စပ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး ဤတွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက် ကြိုးပမ်း လုပ်ဆောင်လျက်ရှိနေပါတယ်”ဟု ပြောသည်။
PPST ကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် RCSS၊ KNU၊ DKBA၊ KNU/KNLA-PC၊ NMSP၊ LDU၊ PNLO၊ ABSDF၊ ALP၊ CNF တို့ဖြင့် ဖွဲ့စည်းထားသည်။
တပ်မတော်က လက်ရှိ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေး ဖြစ်သည့်အတွက် NCA စာချုပ် လက်မှတ်ရေး ထိုးရာမှာ ပါဝင်ကြသည့် အသိသက်သေ နိုင်ငံများ ပါဝင် ဖြေရှင်းပေးရန်မည့် အခြေအနေများ မရှိကြောင်း ပြန် အကြောင်းပြန်ထားမှုများရှိကြောင်း သိရသည်။
ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ကလည်း စက်တင်ဘာ ၄ ရက်နေ့က လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနေရခြင်းကြောင့် စစ်ရေး လှုပ်ရှားခြင်းများကို ရပ်တန့်ရန် ထုတ်ပြန် ထားသည်။
တစ်ဖက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ ရက်နေ့က မြန်မာနိုင်ငံလုံးကို အရေးပေါ် အခြေအနေ သတ်မှတ်ကြောင်း ကြေညာခြင်းနှင့် စစ်တပ်ကို တိုက်ခိုက်တွန်းလှန်ရန် PDF အဖွဲ့ဝင်များ အပါ အဝင် ပြည်သူများကို တိုက်တွန်း ပြောခဲ့သည်။
တပ်မတော်က မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက် ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဟု ဇွန်လ ၃၀ ရက်က ကြေညာခဲ့သည်။
သို့သော် လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်းကမှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ချက် များ ပြုလုပ်ထားသည်ကို မတွေ့ရပေ။