၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက လတ်တလော ဖြစ်ပေါ်နေသည့် အခြေ အနေနှင့် ပတ်သက်ပြီး တာဝန်ရှိသည့်အလျှောက် ပြည်သူများ၏ ဥစ္စာစည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်ကို အရေးပေါ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
ဒူဝါလရှီးလက “ဒီနေ့ စက်တင်ဘာလ ၇ ရက် တော်သလင်းလဆန်း ၂ ရက်နေ့မှ စ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်တယ်။ ဤတော်လှန်ရေးသည် ပြည်သူလူထုတို့၏ တော်လှန်ရေး ဖြစ်သည့် အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်စုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက် ဖျက်ကြပါ” ဟု ပြောသည်။
ထိုသို့ အရေးပေါ် ကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟုဆိုကာ ပြည်သူများ စိုးရိမ်လျက်ရှိပြီး စားသောက်ကုန်များ အလုအယက် ဝယ်ယူလျက်ရှိသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ရှေ့ဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက မိမိ တစ်ဦးတည်း အမြင်အရ တိုက်ပွဲများ တစ်ဟုန်ထိုး ဖြစ်ပေါ်မည့်ပုံ မပေါ်ဘဲ ပြည်တွင်းမှာလည်း အဖွဲ့အစည်းများ မှိုလိုပေါက်နေသည့် အတွက် ၎င်းတို့ကို စီစဉ်ကွက်ကဲမှုမရှိပါက မဖြစ်နိုင်ဟု ဆိုသည်။
ပုံ- ၂၀၁၆ ခုနှစ်၊ ဇွန်လက ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးကို တွေ့ရစဉ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်ထင်တာတော့ တဟုန်ထိုးကြီး ဖြစ်မယ့်ပုံမပေါ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အခု ပြည်တွင်း မှာ ပေါ်ပေါက်နေတဲ့ အဖွဲ့အစည်းလေးတွေ မှိုလိုပေါက်နေတယ်။ သုံးလေးယောက် တစ်ဖွဲ့၊ လူ တစ်ယောက်တည်း နှစ်ဖွဲ့ဖြစ် ချင်လည်း ဖြစ်မှာပေါ့ဗျာ။ ပုံစံအမျိုးမျိုးနဲ့ ပေါ်နေတော့ ဘယ်သူက ဘယ်သူမှန်း မသိဘူး။ အမိန့်ပေးဌာနက ဘယ်မှာလည်း မသိဘူး။ အမိန့်တစ်ခုပေးရုံနဲ့ ဘယ်သူက လိုက်လုပ်မှာလဲ။ လိုက်မလုပ်ဘူး။ ဘယ်သူကပါမလဲ မသိဘူး။ Control Center ပေါ့။ Commanding Center မရှိဘူးဆိုရင် Change of Commanding Center ပျောက်နိုင်တယ်။ ဒါကြောင့် Commanding မရှိဘူးဆိုရင် အရှိန်အဟုန်နဲ့ အခက်အခဲ ဖြစ်လာဖို့ အခက်အခဲဖြစ်လာမယ်”ဟု ပြောသည်။
ထို့နောက် တစ်ဘက်မှာလည်း စစ်တပ်အနေဖြင့် ၎င်းတို့၏ တပ်သားများ ဆုံးရှုံးမှုများရှိနေပြီး ယင်းအတွက် အကောင်းဆုံး ပြင်ဆင်လာမှာဖြစ်သလို ပြည်သူလူထုအနေဖြင့် ဆုံးရှုံးမှု ပိုများလာနိုင်သည်ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက PDF များအနေဖြင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှု နည်းပါးနေပြီး စစ်ရေးနှင့် မဆိုင်သည့် အရပ်သားများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်မှုများမှာ နိုင်ငံတကာတွင် ပုံရိပ်ကျနိုင်သည်ဟု ဆိုသည်။
ပုံ- ၂၀၁၆ ခုနှစ်၊ ဇွန်လက KIA နယ်မြေ မိုင်ဂျာယန်မြို့မှာတွေ့ရတဲ့ KIA ရဲဘော်များ။ Photo - CNI
ဦးရဲထွန်းက “စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တွေ နောက် ဘာမှမဆိုင်တဲ့ ဒလန်ဆိုပြီး စွပ်စွဲ သတ်ဖြတ်တာတွေ ဒလန်ဟုတ်လား မဟုတ်လား။ တချို့ဆိုရင်လည်း ကျနော်ဖတ်ရတာ PDF တွေကို တိတ်တိတ် အကူအညီပေးနေတာ ဒလန်ဆိုပြီး သတ်ဖြတ် မိတာတွေလည်း ရှိနေတာပေါ့။ ပြောချင်တာက အဲသလို မလုပ်နိုင်လို့ မလုပ်တာလား။ အရင် ကာလကတည်းက မလုပ်နိုင်လို့ မလုပ်တာလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ လုပ်နိုင်ရင် စစ်ရေးပစ်မှတ်တွေကို လုပ်တာက နိုင်ငံတကာထောက်ခံမှု၊ ပြည်သူထောက်ခံမှု ပိုရနိုင်တာပေါ့။ အဲတာလွဲချော်သွားရင်တော့ အကြမ်းဖက် အဖွဲ့အစည်း Terrorist ခေါ်တာပေါ့နော်။ ချိန်းခြောက်သတ်ဖြတ်တာ။ အဲဟာမျိုး ဖြစ်သွားရင်တော့ နိုင်ငံရေးအရ ပုံရိပ်က သိပ်မကောင်းနိုင်ဘူးပေါ့” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာရယူပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သည် စစ်တပ်ကို အများ ဆုံး တိုက်ခိုက်ခဲ့သလို မြောက်ပိုင်းလက်နက်ကိုင်များမှာလည်း တိုက်ခိုက်မှုများ ရှိနေသည်။ သို့သော်လည်း စစ်ပွဲများကို ရှောင်ပြီး တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် လတ်တလော နိုင်ငံရေး ပြဿနာတွေကို အဖြေရှာရန် KIA/KIO က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အတူ ညီနောင်မဟာမိတ်များဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရား မျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့မှာလည်း စက်တင်ဘာ ၄ ရက်က စစ်ရေးလှုပ်ရှားခြင်းများကို ရပ်တန့်ရန် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိ NUG ၏ နိုင်ငံတော်ကို အရေးပေါ်အဖြစ် ကြေညာခဲ့ပြီး ခုခံတွန်းလှန်စစ် စတင်ခဲ့သော်လည်း မြောက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဦးရဲထွန်းက ဆိုသည်။