ကိတ်ပ်တောင်း စက်တင်ဘာ ၇

တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဇူးမားကို ကျန်းမာရေးအခြေအနေအရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါနိုင်ငံအစိုးရ၏ပြုပြင်ရေးဝန်ဆောင်မှုဌာနမှ ထုတ်ပြန် ကြေညာသည်ဟု စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဇူးမားသည် အဂတိလိုက်စားမှုစုံစမ်းရေးရုံး၏ ဆင့်ခေါ်စာကို ငြင်းပယ်လိုက်ပြီး နောက် ပြီးခဲ့သည့်ဇူလိုင်လမှစ၍ ထောင်ဒဏ် ၁၅ လ ကျခံနေရခြင်းဖြစ်သည်။

ဇူးမားကို ကျန်းမာရေးလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း စီရင်ချက်ချထားသော ပြစ်ဒဏ်မကုန်ဆုံးမီ အထိ သတ်မှတ်ချက်များနှင့်အညီနေထိုင်ရမည်ဖြစ်ကြောင်း အစိုးရဘက်မှ စက်တင်ဘာ ၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လက ဇူးမားကို ပြင်ပဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရပြီး ခွဲစိတ်ကုသပေးခဲ့ရကြောင်း ထောင်အာဏာပိုင် များက ဆိုသည်။

ယင်းနောက် လက်ရှိအစိုးရတာဝန်ရှိသူများက ၎င်း၏ဆေးမှတ်တမ်းများကို ကြည့်ရှုပြီးနောက် ဇူးမားကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် စဉ်းစားခဲ့ကြသည်။

ယခုနှစ် ဇူလိုင်လက ဇူးမားကို ဖမ်းဆီးလိုက်ပြီးနောက် တောင်အာဖရိကတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး စစ်သားများနှင့်ရဲများက အမိန့်အရ ဖြိုခွင်းခဲ့သည်။
မကျေမနပ်ဖြင့် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့ကာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးအကြမ်းဖက်မှုများဆီသို့ ဦးတည်သွားခဲ့သည်။

ဇူးမားနေရာတွင် ဝင်ရောက်တာဝန်ယူသူ လက်ရှိသမ္မတ စီရေးရာမာဖိုစာ (Cyril Ramaphosa) က အဆိုပါ မငြိမ်မသက်ဖြစ်မှုများသည် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်သာဖြစ်ပြီး ပြည်တွင်းမင်းမဲ့စရိုက်နှင့်အကြမ်းဖက်မှု ပေါ်ပေါက်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဇူးမားသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိကပုဂ္ဂိုလ်အဖြစ် ပြည်သူများက အသိအမှတ်ပြုကြသည်။ သူသည် အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးသူရဲကောင်းဖြစ်သည့် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့်အတူ ထောင်ဒဏ် ကျခံခဲ့ဖူးသူဖြစ်သည်။

သို့သော် အာဏာရသက်တမ်းအတွင်း ဇူးမားသည် အကျင့်ပျက်ခြစားမှုများ ရှိသည်ဟု စွဲချက်လည်း ထွက်ပေါ် လာခဲ့သည်။