၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးဒေသရှိ တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာများ အဓိက အကူအညီလိုအပ်နေကြောင်း အကူအညီပေးနေသည့်ဒေသခံ ဦးလှ(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
အကူအညီပေးနေသည့်ဒေသခံ ဦးလှ(အမည်လွှဲ)က “အခက်အခဲကတော့ မျိုးစုံပဲ။ တနေကုန် ပြောရင်တောင် ကုန်မှာ မဟုတ်ဘူး။ ခက်ခဲတာကတော့ ဒုက္ခသည်ဆိုတော့ အခက်အခဲကတော့ မျိုးစုံရှိတာပေါ့နော်။ စားရေးသောက်ရေးတော့ လိုတာပေါ့။ ဒီမှာက နေထိုင်ရေးတော့ အဆင်ပြေပါတယ်။
ဘုန်းကြီးကျောင်းမှာ နေတာဆိုတော့ အဆင်ပြေပါတယ်။ အစားအသောက်ပဲ သိပ်အဆင်မပြေဘူး။ လာလှူတာတွေတော့ရှိတယ်။ ရေရှည်အတွက်က ပြောလို့မရဘူး။ မနက်ဖြန် သဘက်ခါ ကုန်ချင်ကုန်မှာ။ အလှူရှင်တွေ ထပ်ပေါ်လာမလာ ကျနော်တို့ အတိအကျ မသိရဘူးလေ” ဟု ဆိုသည်။
တိုက်ပွဲရှောင်များသည် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ ရွာပေါင်း ၉ ရွာမှဖြစ်ပြီး အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး စုစုပေါင်း ၇၀၁ ဦးခန့်ရှိကာ အိမ်ခြေ ၁၅၀ ကျော်မှ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း၊ အလှူရှင်လိုအပ်နေကြောင်း သိရ သည်။
ဆေးဝါးများမှာလည်း ဆေးရုံတွင် ရှိသည့် ဆေးဝါးများရှိသကဲ့သို့ ဆေးရုံတွင်မရှိသော ဆေးဝါးမျိုးဆိုပါက အပြင်သို့ ထွက်ဝယ်ရကြောင်း သိရသည်။ လက်ရှိ စစ်ရေးအခြေအနေမှာလည်း ယနေ့တွင် နည်းနည်းငြိမ်နေကြောင်း သိရသည်။
အကူအညီပေးနေသည့်ဒေသခံ ဦးလှ(အမည်လွှဲ)က “ဒီနေ့တော့ နည်းနည်းငြိမ်တယ်။ ဒီနေ့တော့ ဘာသံမှမကြားသေးဘူး။ ခါတိုင်းကျတော့ မြို့ထဲကနေ အသံတွေကြားရတယ်။ မနေ့ကလည်း တစ်ချက်နှစ်ချက်တော့ ကြားရတယ်” ဟု ပြောသည်။
ပုံ-မုံးကိုးက တိုက်ပွဲရှောင်များကိုတွေ့ရစဉ်။
မြန်မာ-တရုတ် နယ်စပ် တစ်လျှောက် မုံးကိုးနှင့် ကြူကုန်(ပန်ဆိုင်း)မြို့နယ်များအတွင်းမှာ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ကြား သြဂုတ်လ ကတည်းက စတင်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်ရှိ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စသည့် ကျေးရွာများက ဒေသခံ ၇၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထိုတိုက်ပွဲရှောင်များသည် လက်ရှိတွင် မုံးကိုးမြို့ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ကချင်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ခိုလံှုနေကြရကြောင်း သိရသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အချိန်မှီ ထိန်းချုပ်ကာကွယ် နိုင်ရန်၊ ကိုဗစ် ကာကွယ်ဆေး ထိုးသင့်သူများအားလုံး အချိန်မှီ ထိုးနှံနိုင်ရန်အတွက် မြန်မာပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် လိုအပ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေး တပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှု တိုးပွာလာခဲ့ပြီး တစ်နိုင်ငံ လုံး အတိုင်းအတာအရ တိုက်ပွဲရှောင် ၈ သိန်းဝန်းကျင် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။