တိုင်ပေ၊စက်တင်ဘာ ၇
နျူးကလီးယားစွမ်းရည်ရှိသည့် ဗုံးကြဲလေယာဉ်များအပါအဝင် တရုတ်လေယာဉ် ၁၉ စင်း ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးအမှတ်အသားဇုန်ထဲသို့ ဝင်ရောက်ပျံသန်းခဲ့ရာ ထိုင်ဝမ်လေတပ်က အရေးပေါ် တပ်လှန့်နှိုးဆော် ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု ရိုက်တာကို ကိုးကားလျက် ‘သည်စထရိတ်တိုင်းမ်း’ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်ထိန်းချုပ်ထားသည့် ပရာတက်စ်ကျွန်းစုများအနီး လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ပိုင်း တွင် တရုတ်လေတပ်က တစ်နှစ်အတွင်း အကြိမ်ကြိမ် ထိပါးပျံသန်းမှုများ ပြုလုပ်နေခဲ့ကြောင်း တိုင်ပေအနေဖြင့် စောဒကတက်ထားသည်။
ယခုနောက်ဆုံး တရုတ် စေလွှတ်တာဝန်ပေးထားသော စစ်ရေးမစ်ရှင်တွင် J-16 အမျိုးအစား လေယာဉ်ဆယ်စင်း၊ Su-30 တိုက်လေယာဉ်လေးစင်းနှင့် H-6 ဗုံးကြဲလေယာဉ်လေးစင်းတို့ ပါဝင်ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဆက်လက်ဖော်ပြထားသည်။
ထိုသို့ လေကြောင်းပိုင်နက်ထဲ ထိပါးလာသည့် တရုတ်လေယာဉ်များကို သတိပေးသည့်အနေဖြင့် ထိုင်ဝမ် တိုက်လေယာဉ်များ ပျံတက်စေခဲ့ပြီး အခြေအနေစောင့်ကြည့်လျက် ဒုံးကျည်စနစ်များ အသင့် ဖြန့်ကြက် ထားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါတရုတ်လေယာဉ်များသည် ထိုင်ဝမ်ကမ်းခြေဘက်ထက် တရုတ်နှင့်ပိုနီးသော ဧရိယာပေါ် ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မြေပုံအထောက်အထားနှင့်တကွ ဆိုထားသည်။
ယင်းဖြစ်စဉ်အပေါ် တရုတ်ဘက်မှ လတ်တလော သဘောထားမှတ်ချက် မပေးသေးပေ။
ဇွန်လ ၁၅ ရက်ကလည်း အလားတူ ပျံသန်းမှုများရှိခဲ့ရာ တရုတ်လေတပ်မှ လေယာဉ် ၂၈ စင်း ပါဝင်ခဲ့သည်။
ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ပေးနေသည့် အမေရိကန်အပေါ် တရုတ်မကျေနပ်ကြောင်း ပြသရန်အတွက် မကြာခဏဆိုသလို ဝေဟင်နှင့်ရေပြင်ပိုင်နက်များအတွင်း စစ်ရေးမစ်ရှင်များကို ဘေဂျင်းအနေဖြင့် စေလွှတ် တာဝန်ပေးလေ့ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်၏ခြိမ်းခြောက်မှုများ ကြီးထွားလာခဲ့ပြီးနောက် ထိုင်ဝမ်ကလည်း ၎င်းတပ်များကို ကျွန်းလုံခြုံရေးအတွက် အပြည့်အဝဖြန့်ကြက်ထားနိုင်ပြီး အသင့်အနေအထားရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။