ဘဂ္ဂဒက် စက်တင်ဘာ

ထိပ်တန်းရှီးယိုက် ဘာသာရေးခေါင်းဆောင် အယာတိုလာမိုဟာမက်ဆီးအယ်ဟကီးသည် အီရတ်နိုင်ငံ၊ ရှီးယိုက်တို့ အထွတ် အမြတ်ထားရာ နဂျက်ဖ်မြို့၏တောင်ပိုင်း၌ အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အေပီသတင်း တစ်ပုဒ် ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ဖော်ပြထားသည်။

ရုတ်တရက် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ကွယ်လွန်ရခြင်းဖြစ်ကြောင်း ၎င်း၏ရုံးက ကြေညာခဲ့သည်။ အယ်ဟကီးသည် မထင်မှတ်ဘဲ နှလုံးအခြေအနေ ဆိုးရွားလာ၍ နဂျက်ဖ်မြို့၊ အယ်ဟယက်ဆေးရုံသို့ တင်ပို့ကုသစဉ် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးသားချင်းတစ်ဦးက အေပီသတင်းဌာနသို့ ပြောသည်။

ဈာပနအခမ်းအနားကို နဂျက်ဖ်မြို့နှင့် ကဘလာမြို့တို့၌ နှစ်နေရာခွဲ၍ ကျင်းပခဲ့ကြောင်း ၎င်း၏ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှီးယိုက်အစ္စလာမ်ဘာသာတွင် ထင်ရှားသောပုဂ္ဂိုလ်ဖြစ်၍ ဂါရဝပြုပါကြောင်း အီရတ်သမ္မတ ဘာဟန်စလစ်ဟ်က ကြေညာချက်တစ်စောင်တွင် ဆိုထားသည်။

 

ပုံ-ကွယ်လွန်သွားသည့် အယာတိုလာမိုဟာမက်ဆီးအယ်ဟကီး အလောင်းကို သယ်ဆောင်နေကြစဉ်(AP)

အလားတူ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် နဂျက်ဖ်မြို့၌ မွေးဖွားခဲ့သည့် အယ်ဟကီးသည် အီရတ်နိုင်ငံရှိ ထိပ်တန်းဘာသာရေး ခေါင်းဆောင်များထဲတွင် ပါဝင်ပြီး ဆက်ဒမ်ဟူစိန် အစိုးရလက်ထက်က ထောင်နန်းစံခဲ့ရဖူးသည်။ ၁၉၇၉ ခုနှစ်က အိမ်နီးချင်း အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့ သော အစ္စလာမ္မစ်တော်လှန်ရေးကို ကြောက်ရွံ့သည် ဆက်ဒမ်ဟူစိန်က ဘာသာရေးခေါင်းဆောင်အချို့ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ရာတွင် အယ်ဟကီးသည် ၁၉၈၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်ကြားကာလတွင် ထောင်ထဲ နေခဲ့ရသည်။

၎င်းသည် စာအုပ်စာတမ်းပေါင်းများစွာ ရေးသားထုတ်ဝေခဲ့ပြီး အချို့ကို ဘာသာပြန်ဆိုခြင်းခံရသည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၈ ဦး ကျန်ရစ်ခဲ့သည်။

Source: Aljazeera

#အယာတိုလာမိုဟာမက်ဆီးအယ်ဟကီး #အီရတ်နိုင်ငံ #ဘာသာရေးခေါင်းဆောင် #ရှီးယိုက်ခေါင်းဆောင် #ကွယ်လွန် #CNImyanmar #cninews #ChannelNewsIndependent