CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က အစိုးရအပေါ် ပုတ်ခတ် ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်း ကြောင့် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရပြီးနောက် ဖမ်းဆီး ခံထားရသည့် ဦးဝီရသူအား စက်တင်ဘာ ၆ ရက်တွင် အမှုရုပ်သိမ်းကာ လွှတ်ပေးလိုက်ပြီးဟု နစက သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ပြောသည်။


နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “ဆရာတော် ဦးဝီရသူနှင့်ပတ်သက်၍ ယနေ့တွင် တရားရုံး၌ Video Conferencing ဖြင့် ကြားနာစစ်ဆေးခဲ့ကြောင်း၊ ဆရာတော်အား တရားစွဲဆိုသည့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့က အမှုကို ကျေအေးကြောင်း တရားရုံးကို ဦးတိုက်လျှောက်ထားသဖြင့် ဆရာတော်အား ယနေ့ညနေတွင် ပြန် လည် စေလွှတ်လိုက်တယ်”ဟု ဆိုသည်။
လက်ရှိတွင် ဦးဝီရသူသည် တပ်မတော်ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က ဆိုသည်။


ဦးဝီရသူသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလက အကြည်အညိုပျက်စေမှု ရာဇသတ် ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခံရခြင်းကြောင့် အဖမ်းမခံပဲ တစ်နှစ်ကျော်ကြာ ထွက်ပြေး တိမ်း ရှောင်နေခဲ့သည်။


ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့တွင် ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့သည်။ အဖမ်းခံရပြီးနောက်မှာတော့ အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ဦးဝီရသူကို တရားစွဲထားသည့် အမှုကို ရုပ်သိမ်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။