ဒမတ်စကတ်၊ စက်တင်ဘာ ၆
အစ္စရေးတို့ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ဆီးရီးယားလေကြောင်း ကာကွယ်ရေးစနစ်က မြို့တော် ဒမတ်စကတ် ကို ကျော်လွန်၍ ပစ်ချခဲ့သည်ဟု ဆီးရီးယားအစိုးရသတင်းဌာနဖြစ်သည့် SANA မှ စက်တင်ဘာ ၃ ရက်က ရေးသားဖော်ပြခဲ့ သည်။
“ဒီကနေ့ မနက် ၁ နာရီ ၂၆ မိနစ်မှာ ဘေရွတ်မြို့ရဲ့ အရှေ့တောင်ဘက် ကောင်းကင်ယံကနေ ကျူးကျော် တိုက်ခိုက် လာပါ တယ်။ အဲဒီတိုက်ခိုက်မှုကို ဒမတ်စကတ်မြို့ အနီးတဝိုက်က နေရာတချို့ကို ပစ်မှတ်ထားပါတယ်” ဟု ဆီးရီးယားစစ်ဘက် သတင်းရင်းမြစ်တစ်ခုကို ကိုးကားလျက် SANA က သတင်းထုတ်ပြန်သည်။
မြို့အနှံ့ ပစ်မှတ်များကို ပြန်လည်ခုခံပစ်ချနိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေး မြင်ကွင်းများအား ဆီးရီးယားရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့သည်။
“ကျနော်တို့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ရန်သူ့ဒုံးကျည်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အများစုကို ပစ်ချနိုင်ခဲ့ပါ တယ်” ဟု ဆီးရီးယားဘက်မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၃ ရက် နံနက်အရုဏ်တက်ချိန်တွင် ဘေရွတ်မြို့ ဆင်ခြေဖုံး ဒေသများအပေါ် အနိမ့်အမြင့်လုပ်၍ ပျံသန်းနေသော အစ္စရေးလေယာဉ်များ၏ အသံများကို ကြားခဲ့ရကြောင်း ဒေသခံများက ပြောကြသည်။
ဆီးရီးယားတွင် အကြမ်းဖက်မှုအခြေအနေ စောင့်ကြည့်နေသော ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ယင်းတိုက်ခိုက်မှုကို အတည်ပြုခဲ့သည်။
ဒမတ်စကတ်မြို့အနီး ဘာဇက်နှင့်ဂျန်ရာယာ ကျေးလက်ဒေသတို့တွင် လက်နက်ထုတ်လုပ်နေသည့် ဆီးရီးယား အစိုးရတပ် များကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် နေရာသို့ လူနာတင်ယာဉ်များ အမြန်သွားရောက်ခဲ့ပြီး ထိုနေရာဝန်းကျင်ကို ဆီးရီးယား လုံခြုံရေးတပ်များက ဝိုင်းရံထားကြောင်း ဆီးရီးယားလူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့က ပြောသည်။
ဆီးရီးယားစစ်တပ် တိုက်ခိုက်ခံရမှုအပေါ် သဘောထား မှတ်ချက်ပေးရန် အစ္စရေးစစ်တပ်က ငြင်းဆန်ခဲ့သည်။
ပြီးခဲ့လကလည်း ဒမတ်စကတ်နှင့် ဟွမ်းဒေသများကို ပစ်မှတ်ထား၍ အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားက ဆိုသည်။
မကြာသေးမီက လက်ဘနွန် ဝေဟင်ပိုင်နက်ကို သုံး၍ ဆီးရီးယား၌ လှုပ်ရှားနေသော ရုရှားလေတပ်နှင့် ထိပ်တိုက် မတွေ့ အောင် အစ္စရေးစစ်ဘက်က ကြိုးစားရှောင်ရှားခဲ့သေးသည်။