၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆

လက်ရှိ အာဏာရယူထားသည့် စစ်တပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU)ကို ဖြိုခွဲရန် လုပ်ဆောင်နေသည် ဟု KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းက စက်တင်ဘာ ၅ ရက်တွင် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားခဲ့သည်။

စစ်တပ်သည် KNU ကို ဖြိုခွဲရန် နည်းလမ်းပေါင်းစုံ ကျင့်သုံးနေခြင်းကြောင့် KNU ခေါင်းဆောင်များအနေဖြင့် နားလည်ထားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ပဒိုစောသမိန်ထွန်းက “ဆန့်ကျင်ဘက်အုပ်စုက ကျနော်တို့ကို ဖြိုခွဲဖို့အတွက် လုပ်ဖို့အစီအစဉ်ရှိတယ်။ ဒါကို လည်း ကျနော်တို့ KNU အနေနဲ့ သတိထားဖို့က ၈၈၈၈ ကာလတုန်းက မာနယ်ပလောမှာ အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ ကျောင်းသား တပ်ဖွဲ့တွေ၊ ပြည်သူတွေ တစ်ပုံကြီးရှိတဲ့ အချိန်မှာ အဲတာကို တစ်ဘက်က ပြိုကွဲအောင် ဘာသာရေးနည်းနဲ့ ဖြိုခွဲ တာ။ အဲအချိန်တုန်းက နည်းနာတစ်ခု၊ အဲတာ ကျနော်တို့ ပြိုကွဲသွားတယ်။ ဒါကြောင့်မို့ လို့ ကျနော်တို့က မလေ့ လာပဲနဲ့ KNU ခေါင်းဆောင်တွေကလည်း ဒါမျိုးကို ကောင်း ကောင်းနားလည်ဖို့လိုတယ်” ဟု ပြောသည်။

ထို့နောက် ပြည်သူများ အနေဖြင့်လည်း လက်ရှိ လှုပ်ရှားမှုကို ကောင်းကောင်းနားလည်ထားရန် လိုအပ်ပြီး မာနယ်ပလောပြိုကွဲခဲ့သည့် ဖြစ်စဉ်ကို ၎င်းက ခိုင်းနှိုင်းပြောပြသည်။

ပဒိုစောသမိန်ထွန်းက “နှစ်ဘက် နားလည်ဖို့လိုတယ်။ ပြည်သူက နားမလည်ရင် ကိုယ်က ရှင်းပြဖို့က ခေါင်းဆောင်တဲ့ လူကလည်း နားမလည်တော့ ကျနော်တို့ မာနယ်ပလောကြီးပြိုတော့ ကျနော်တို့ KNU ဆိုရင် အဲတုန်းက ဇီးရွက်လောက်လေး ရှိတယ်။ မနည်းကို ကျနော်တို့ ပြန်လည်ထူထောင်ပြီး ပြန်လုပ်ယူရတာ။ ဒီကနေ့ က ဒီနည်းပဲ။ ကျနော်တို့ အ တွင်း က လူတွေကို မွေးပြီးမှ တစ်ဖက်တစ်လမ်းကနေ ဆူပူလှုံ့ဆော်မှုတွေဖြစ်အောင် ဒါမို့လို့ ကျနော်တို့ တပ်ကြီးက ထိုးဝင်ရပါတယ်။ သူတို့တွေ အကြောင်းပြချက်ရအောင် သူတို့တွေ လုပ်နေတာ။ ကျနော်တို့က တစ်ယောက်နဲ့ တစ်ယောက် အယူအဆ မတူအောင်၊ တစ်ယောက်နဲ့ တစ်ယောက် ဂုံးတိုက်ပေးဖို့” ဟု ပြောသည်။

KNU ၏ အခြေခံ ပေါ်လစီမဟုတ်ဘဲ တစ်ဦးတစ်ယောက်၏ စိတ်ခံစားချက်ဖြင့် လူမှုကွန်ယက်ပေါ်တွင် မတင်ကြ ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

KNU အနေဖြင့် မိမိတို့အတွင်းမှ အယူအဆ နည်းနည်းကွဲလွဲမှုကို ပုံကြီးချဲ့ပြီး ခွဲတာတွေ လုပ်နေကြောင်းနှင့် KNLA တပ်ဖြစ်ဖြစ်၊အုပ်ချုပ်ရေးဖြစ်ဖြစ် နားစွင့်ကြရန် စစ်အာဏာရှင်က မိမိတို့အတွင်းရေးကို ပြိုပျက်သွား အောင် နည်းများကို သုံးနေသည်ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

ယနေ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်သည့်နေရာတွင် အများညီညွတ်ရင် ‌‌ရွေ့ပါတယ်ဆိုသည့် ပုံစံအတိုင်း ညီညီညွတ်ညွတ်ဖြင့် တိုက်ထုတ်ကြရန် ၎င်းက ပြောထားသည်။

လက်ရှိအချိန်တွင် KNU အနေဖြင့် သတင်းတု၊ သတင်းမှားများကို သတိထားရမှာ ဖြစ်ပြီး အချို့မှာ နိုင်ငံခြားမှ အကူအညီ ငွေကြေး ရလိုမှုဖြင့် မိမိကိုယ်ကိုယ် ဒုက္ခသည်စာရင်းထည့်ကာ ဗွီဒီယိုရိုက်ပြီး ငွေကြေး ရှာဖွေမှုများ လည်း ရှိနေကြောင်း ပဒိုစောသမိန်ထွန်းက ပြောသည်။

အထက်ပါ စစ်တပ်က KNU ကို ဖြိုခွဲဖို့ လုပ်နေတယ်ကြောင်း ပြောဆိုမှုအပေါ် တပ်မတော်သဘောထားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)သတင်းထုတ်ပြန်ရေးအဖွဲ့ သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

KNU သည် ၁၉၄၇ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့သည့် ကရင်အဖွဲ့အစည်းဖြစ်ကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး၊ စစ်ရေးကို ဉီးဆောင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ တော်(KNLA)မှာ KNU ၏ စစ်ရေး လက် အောက်ခံဖြစ်သည်။

ထို့နောက် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် KNU က ဒီမိုကရေစီအရေးလှုပ်ရှားသူများကို လက်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဉီး(ABSDF)ကို ထူထောင်ပေးခဲ့သည်။

သို့သော်လည်း ၁၉၉၄ ခုနှစ်အရောက်တွင် KNU ထဲမှာ သဘောထားကွဲလွဲမှုများဖြစ်လာကာ ဗိုလ်ချုပ်ကြီး စောလာပွယ် ဉီးဆောင်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ကို ဖွဲ့စည်းထူထောင် ပြီး ခွဲထွက်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်မှာတော့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဟု အမည် ပြောင်းလဲကာ ယနေ့အထိ ရပ်တည်လှုပ်ရှားလျက်ရှိသည်။

အလားတူ ၂၀၀၇ ခုနှစ်တုန်းကလည်း ဗိုလ်ချုပ်ကြီးစောထိန်မောင် (ခ) ဗိုလ်ချုပ်ကြီးစောဌေးမောင် ဉီးဆောင် သည့် KNLA တပ်မဟာ-၇ မှ ခွဲထွက်ကာ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA- PC)ကို ဖွဲ့စည်း၍ ယနေ့ထိ လှုပ်ရှားလျက်ရှိသည်။

အဆိုပါ DKBA၊ KNU/KNLA PC ခွဲထွက် အဖွဲ့များထဲမှ DKBA ကနေ ဗိုလ်မှူးကြီးစောချစ်သူ ဉီးဆောင်သည့် အဖွဲ့က ခွဲထွက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)အဖြစ် ယနေ့ထိ ရပ်တည်လှုပ်ရှားလျက်ရှိသည်။