ဝါရှင်တန် စက်တင်ဘာ ၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် (၉/၁၁) အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အစိုးရစုံစမ်းစစ်ဆေးထားသည့် လျှို့ဝှက်စာရွက်စာတမ်းများကို လာမည့် ၆ လအတွင်း ထုတ်ဖော်ကြေညာရန် အမိန့်ပေးခဲ့ကြောင်း ဘန်ကောက် ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းသို့အမိန့်ပေးခြင်းဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က အဖြစ်အပျက်၌ ထိခိုက်သေကြေခဲ့သူ မိသားစုများ၏ ဖိအားပေးမှုများကို ဘိုင်ဒန်ကတုံ့ပြန်ခဲ့သည်။

လျှို့ဝှက်သိမ်းဆည်းထားသော စာရွက်စာတမ်းများ၌ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန(World Trade Centre_Twin Tower) နှင့်ပင်တဂွန်စစ်ဌာနချုပ်တို့အား ဝင်ရောက်စီးနင်းခဲ့သော ပြန်ပေးသမားများနှင့်ဆက်စပ်သည့် အထောက်အထားများ ပါဝင်နိုင်ကြောင်း အဆိုပါမိသားစုများက စောဒကတက်ခဲ့ကြသည်။

“စက်တင်ဘာ ၁၁ ရက် ဖြစ်စဉ် စုံစမ်းစစ်ဆေးမှုစာရွက်စာတမ်းတွေ ပြန်လည်စိစစ်ဖို့ တရားရေးဌာနကို ညွှန်ကြားတဲ့အမိန့်ကို ကျနော်လက်မှတ်ထိုးပေးလိုက်ပါတယ်” ဟု ဘိုင်ဒန်က ကြေညာချက်တစ်စောင်တွင် ပြောကြားထားပြီး ယင်းစာရွက်စာတမ်းများကို ခွဲခြားသတ်မှတ် ထုတ်ဖော်ရေးမှာ လာမည့် ၆ လအတွင်း ဖြစ်ရမည်ဟု သမ္မတအမိန့်တွင် ညွှန်ကြားထားသည်။
“ကျနော်တို့သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေကြေခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ ၂,၉၇၇ ရဲ့ မိသားစုတွေနဲ့ချစ်ခင်ရင်းနှီးသူတွေရဲ့နာကျင်မှုကို ကျနော်တို့ ဘယ်တော့မှ မမေ့သင်ဘူး” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

တာလီဘန်တို့ အုပ်စိုးသော အာဖဂန်နစ္စတန်နိုင်ငံသို့ ကျူးကျော်ရန် သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်က အမိန့်ထုတ်ခဲ့သည့် နှစ်ပေါင်း ၂၀ တိုင်ခဲ့ပြီဖြစ်သော နှစ်ပတ်လည်နေ့ မကျရောက်မီ ယခုကဲ့သို့ လက်ရှိသမ္မတ၏ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက တာလီဘန်များသည် အမေရိကန်ကျောထောက်နောက်ခံပေးထားသည့်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီး ဘိုင်ဒန်ကလည်း ယခုရက်သတ္တပတ်အစောပိုင်းက အာဖဂန်မြေပေါ်မှ အမေရိကန်တပ်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

ယခုကဲ့သို့ သတင်းအချက်အလက်များ ပိုမိုထွက်ပေါ်လာရေး တွန်းအားပေးမှုသည် ၉/၁၁ ဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာသူမိသားစုများက ဆော်ဒီအာရေဗျကို တရားစွဲဆိုမှုနှင့်လည်း ဆက်စပ်နေသည်။လျှို့ဝှက်ကန့်သတ် ထားသော စာရွက်စာတမ်းများအပေါ် စိတ်ပျက်မိကြောင်း ၎င်းမိသားစုများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အယ်လ်ကိုင်းဒါးအဖွဲ့အတွက် ဆော်ဒီအစိုးရအဆင့်မြင့်အရာရှိတစ်ဦးချင်း(သို့မဟုတ်)အစိုးရကဲ့သို့အဖွဲ့စည်းများက ငွေကြေးထောက်ပံ့မှုအထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရကြောင်း ၉/၁၁ အရေးကိစ္စတရားဝင်ကော်မရှင်က ဆိုထားသည်။ အဆိုပါကော်မရှင်က အမေရိကန်ကွန်ဂရက်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအစိုးရအရာရှိများ(သို့မဟုတ်)ယင်းထက်အဆင့်နိမ့်သူများအနေဖြင့် ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း အချို့ကအဓိပ္ပါယ်ကောက်ယူနေကြသည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုအချို့ကို ထုတ်ပြရန်မှာ အလွန်ထိလွယ်ရှလွယ် ဖြစ်သည်ဟုလည်း ထင်ကြေးများ ပေါ်ထွက်လျက်ရှိသည်။