စင်ကာပူ၊စက်တင်ဘာ ၆

ပထမဆုံးလူသားချင်းစာနာမှုအကူအညီများ ယခုစက်တင်ဘာလလယ်ပိုင်း အစောဆုံးထား၍ ချောမွေ့စွာ ပေးနိုင်ရေးအတွက် ၄ လကြာ အပစ်အခတ်ရပ်စဲထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ၎င်း၏အင်တာဗျူးတစ်ခုမှာ တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အာဝမ်ယူဆွတ်သည် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် လာရောက်တွေ့ဆုံစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ဒါက နိုင်ငံရေးအရ အပစ်အခတ်ရပ်စဲတာ မဟုတ်ဘူး။ လူသားချင်းစာနာမှုအကူအညီပေးတဲ့ဝန်ထမ်းတွေ အပြင်ဘက်ထွက်ပြီး အကူအညီလိုက်ပေးတဲ့အချိန်မှာ သူတို့လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲဖို့ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျနော်ပြောသလို ဘယ်လိုသဘောတူညီချက်မှ သူတို့ဆီမှာ မရှိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ အာဏာသိမ်းမှု အပြီးတွင် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သော ပါတီအဖွဲ့အစည်းများကိုလည်း ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် သွယ်ဝိုက်သောနည်းလမ်းသုံး၍ ၎င်း၏အဆိုပြုချက်ကို အသိပေးခဲ့ကြောင်း ၎င်းက ကျိုဒို သတင်းဌာနနှင့်အင်တာဗျူးတွင် ပြောကြားသည်။

“သူတို့ဆီက သတင်းစကားကို ကျနော် မျှော်လင့်နေပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့တပ်မတော်ဟုဆိုသည့် စစ်တပ်သည် ဒီမိုကရေစီလိုလားသောအင်အားစုများနှင့် လက်နက်ကိုင် တိုင်းရင်းသားလူနည်းစုများအပေါ် အကြမ်းဖက်မှုများရှိနေပြီး ယင်းသို့အကြမ်းဖက်ခံရသူများကလည်း ပြန်လည်တုံ့ပြန်မှုများ ရှိနေသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အရှေ့တောင်အာရှနိုင်ငံအသင်း(အာဆီယံ)မှ အကူအညီများသည် နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေးကျဆင်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါစသည့် အခက်အခဲ ၃ မျိုးနှင့် ရင်ဆိုင်နေရသော မြန်မာအတွက်ပေးအပ်ရန် ပြင်ဆင်နေသည်။

အင်ဒိုနီးရှားအခြေစိုက် လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာနနှင့်အတူ မြန်မာနိုင်ငံသို့ အကူအညီများ ဖြန့်ဝေပေးရန် တာဝန်ရှိသူ အာဝမ်ယူဆွတ်က “အကြမ်းဖက်တဲ့လုပ်ရပ်မှန်သမျှ ရပ်တန့်ဖို့နဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်လုပ်ကိုင်ကြဖို့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးဆီကို ကျနော်တို့က အသိပေးနေပါတယ်” ဟု ပြောသည်။

အာဆီယံမှ ပထမဆုံးပေးမည့်အကူအညီများတွင် အောက်စီဂျင်စက်များနှင့် အကာအကွယ်ပစ္စည်းများကဲ့သို့ Covid-19 ရောဂါပြင်းထန်သူများ ထောက်ပံ့မှုနှင့် မြန်မာပြည်တွင်း အရေးပေါ်လိုအပ်နေသော ဆေးဝါး ကိရိယာများ ပါဝင်သည်။

လက်နက်ကိုင်တိုင်းရင်းသားများ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများအတွက် အကူအညီများကို အိမ်နီးချင်းထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် ပို့နိုင်ကြောင်း အာဝမ်ယူဆွတ်က ပြောသည်။ နောက်တစ်ဆင့်မှာ မြန်မာအတွက် ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ကူညီဖြေရှင်းရန်အတွက် အာဆီယံခေါင်းဆောင် များက သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ထိုလအစောပိုင်းတွင် အာဝမ်ယူဆွတ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

အာဝမ်ယူဆွတ်က “ကျနော့်ကို လုပ်ခွင့်ပြုတာနဲ့ လုပ်ခွင့်မပြုတာကို ရှင်းရှင်းလင်းလင်း သိချင်တယ်။ ဒါမှ ဒီခရီးကို ရှေ့ဆက်သွားရမလား၊ မသွားရဘူးလားဆိုတာ ဆုံးဖြတ်နိုင်မယ်”ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အခွင့်အရေးနှင့်ပတ်သက်၍ အာဝမ်က“အာဏာပိုင် တွေနဲ့ကျနော်တို့ ဆွေးနွေးမှုမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က သူနဲ့ကျနော်တွေ့ဆုံဖို့ လိုအပ်တဲ့အကြောင်း အလေးပေးနေတယ်ဆိုတာ ထည့်ပြောခဲ့ပါတယ်” ဟု ရှင်းပြသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေး ၎င်းထံ မီးစိမ်းမပြသေးကြောင်းလည်း သူက ဆက်ပြော သည်။

“အခုထိ မတွေ့ရသေးပါဘူး။ သူတို့က အဲဒီကိစ္စ မပြောသေးဘူး။ ဒါပေမယ့် အဲဒီအပေါ် ဆက်လက်ဆွေးနွေးကြဖို့ပဲ သူတို့က ပြောပါတယ်” ဟု ၎င်းက ပြောသည်။