၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၅

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အချိန်မှီ ထိန်းချုပ်ကာကွယ်နိုင်ရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးသင့်သူများအားလုံး အချိန်မှီထိုးနှံနိုင်ရန်အတွက် မြန်မာပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် လိုအပ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတ‌သော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။

TNLA မှ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော် က “အဓိကတော့ လတ်တလော ရောဂါကူးစက်မှု တော်တော်လေး ရှိလာတာပေါ့နော်။ တချို့နေရာမှာဆို Lockdown တွေ၊ Quarantine တွေ ပြန်လုပ်နေရတဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲတာကြောင့် ဒီရောဂါကူးစက်မှုတွေ၊ အမြန်ဆုံး ကာကွယ်တားဆီးနိုင်ဖို့ ဒီစစ်ရေးကိစ္စတွေကို ရပ်တန့်ဖို့ ထုတ်ပြန်ခြင်းဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာရယူပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ချေမှုန်းသည့် လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာဖော်ဆောင်လာသည့် အစုအဖွဲ့များသည် ပြည်နယ်နှင့် တိုင်းအနှံ့ တိုက်ပွဲများ နေ့စဉ်နီးပါး တိုးများလာခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းတိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်မှ စစ်အင်အားများတိုးမြှင့်ခြင်း၊ ပိုမိုလှုပ်ရှားခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်း ရမ်သမ်းပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် အပြစ်မဲ့ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အဆိုပါဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

မြန်မာပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို လက်တွေ့ကျကျလျှော့ချနိုင်ရန်လိုအပ်ပြီး စစ်ဘေးဒဏ်ကို ဆိုးဝါးစွာခံစားရမည့်အရေးကို ရှောင်လွဲနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိ အစုအဖွဲ့များအားလုံး စဉ်းစားအဖြေရှာဆောင်ရွက်သင့်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထောက်ပြထားသည်။

ထို့အတွက်ကြောင့် ပြည်သူများ၏ လုံခြုံရေးကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမူများကို အတတ်နိုင်ဆုံးလျှော့ချခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရပ်တန့်ခြင်းများကို ပြုလုပ်ကြရန် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစုအဖွဲ့များအားလုံးကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တိုက်တွန်းထားသည်။