ဒိုဟာ စက်တင်ဘာ ၅

ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်သည် တာလီဘန်ခေါင်းဆောင်တစ်ဦးကို လက်ခံတွေ့ဆုံခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယခုတွေ့ဆုံမှုသည် တာလီဘန်တို့ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် သံတမန်ရေးရာဆက်ဆံမှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက သတင်းရေးသားဖော်ပြသည်။

အိန္ဒိယသံအမတ် ဒီပက်မစ်တယ်သည် တာလီဘန်နိုင်ငံရေးရုံးခေါင်းဆောင် ရှားမိုဟာမက်အေဘတ်စတန်နက်ဇိုင်းကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဩဂုတ် ၃၁ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ လက်ခံတွေ့ဆုံမှုမှာ တာလီဘန်တို့၏ ကမ်းလှမ်းတောင်းဆိုချက်အရဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။

တာလီဘန်များသည် ပါကစ္စတန်နှင့်နီးကပ်သောဆက်ဆံရေးရှိ၍ အိန္ဒိယက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ ယခုတွေ့ဆုံမှု၌ အာဖဂန်နစ္စတန်တွင် ကျန်ရှိနေသေးသည့် အိန္ဒိယလူမျိုးများ၏ လုံခြုံရေးကို နှစ်ဘက်ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယကို ဆန့်ကျင်နေသော သူပုန်အဖွဲ့များ အာဖဂန်နစ္စတန်မြေကို အသုံးချ၍ တိုက်ခိုက်လာမည်ကို စိုးရိမ်မိကြောင်း မစ်တယ်က ပြောကြားခဲ့သည်။ “တာလီဘန်ကိုယ်စားလှယ်က ဒီကိစ္စ အပြုသဘောဆောင်ဖြေရှင်း ပေးပါ့မယ်လို့ ကျနော်တို့သံတမန်တွေကို အာမခံခဲ့ပါတယ်” ဟု မစ်တယ်၏ပြောကြားချက်ကို အိန္ဒိယနိုင်ငံခြားရေးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား သည်။

တာလီဘန်များသည် အိန္ဒိယနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံရေးလိုလားနေကြောင်း တာလီဘန်နိုင်ငံရေးရုံးခေါင်းဆောင်ကို ကိုးကားလျက် အိန္ဒိယပြည်တွင်းသတင်းစာများက ဖော်ပြခဲ့ကြပြီးနောက် ရက်ပိုင်းများအတွင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

တာလီဘန်များဘက်ကတော့ အိန္ဒိယနှင့် သံခင်းတမန်ခင်းတွေ့ဆုံဆွေးနွေးမှုအပေါ် လတ်တလော သဘောထားမှတ်ချက်မပေးကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားထားသည်။